ကျေးရွာနေ ပြည်သူများထံ အရောက်သွားပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးပေး

မိုင်းယန်း  ဩဂုတ် ၃၀

ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ရောဂါဆက်လက်ကူးစက်ပျံ့နှံမှုများ လျော့နည်းပပျောက်လာစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ ယန်းကောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနေ တိုင်းရင်းသားပြည်သူများထံသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာတွင် ကျန်းမာရေးဝန်ထမ်းများပူးပေါင်း စစ်ဆေးရေးအဖွဲ့က ယန်းကောင်ကျေးရွာအုပ်စုအတွင်းရှိ ဝမ်ယို့ကောင်ကျေးရွာ၊ ဆယ်မကောင်ကျေးရွာ၊ ဆယ်မလယ်ကျေးရွာ၊ ဆယ်မမိုင်ကျေးရွာ၊ နမ့်ခေးကောင်ကျေးရွာနှင့် နမ့်ခေးမိုင်ကျေးရွာတို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူ အမျိုးသား(၂၀၇)ဦး၊ အမျိုးသမီး(၂၀၁)ဦး စုစုပေါင်ကျေးရွာနေပြည်သူ(၄၀၈)ဦးတို့အား  RDT TestKit ဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ရာ ရောဂါပိုးတွေ့ရှိသူမရှိကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့မှ ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း(၃၁)ဦးတွေ့ရှိသည့်အနက် (၃၀)ဦးကို ကျန်းမာရေးပြန်လည် သက်သာလာ၍ ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီး (၁)ဦးသာဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)