ကျောက်တန်းမြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်းများအားကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ကျောက်တန်း       ဩဂုတ်  ၃၀

ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် စေတနာ့ဝန်ထမ်းများအား ယနေ့နံနက် ၉ နာရီကစတင်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ကျောက်တန်းမြို့ အမှတ်(၁)အခြေပညာအထက်တန်းကျောင်း၊ တံတားမြို့တိုက်နယ်ဆေးရုံ၊ မီးပြကျေးရွာကျေးလက်ကျန်းမာရေးဌာနနှင့် ကမာကလုတ် ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပတ်သက်၍ “ ကျွန်မတို့အနေနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမ အကြိမ် ထိုးနှံပေးရာမှာ  အသက် ၆၅  နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ အစိုးရနှင့်ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီး ဆရာလေးများ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း ၇၅၅၀ ဦးအား ထိုးနှံ ပေးခဲ့နိုင်ပြီး ဩဂုတ်လ ၁ ရက်နေ့မှ ဩဂုတ်လ ၂၉ ရက်နေ့အထိ ပထမအကြိမ် ထိုးနှံပေးခြင်းဖြစ်ပါတယ်၊ ဒီနေ့ကတော့  ပထမအကြိမ်ထိုးနှံပြီးသူတွေကို ဒုတိယအကြိမ်ထိုးနှံပေးခြင်းဖြစ်ပါတယ်၊ ထိုးနှံပေးတဲ့နေရာမှာလည်း လူစုလူဝေးမဖြစ် စေရန်နဲ့ နယ်ကသူတွေ သွားလာရေးအဆင်ပြေစေရန်အတွက် စုရပ် ၄ နေရာခွဲပြီး ထိုးနှံပေးခြင်း ဖြစ်ပါတယ်”ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဆုရတနာလှဌေး၏ ပြောကြားချက်အရ သိရှိရသည်။

 

ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ( ၄၄၉) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၃၄၈) ဦး၊ ဆေးကုသမှုခံယူနေသူ (၆၀) ဦး နှင့် သေဆုံးသူ (၄၁ )ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)