ဘားအံ ဩဂုတ် ၃၀
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ဘားအံမြို့သူ/မြို့သားများ၏ စုပေါင်းအလှူငွေဖြင့် ဝယ်ယူသည့် အောက်ဆီဂျင်စက်သည် ဘားအံမြို့ အမှတ်(၁)ရပ်ကွက်၊ကမ်းသာယာလမ်းရှိ အောက်ဆီဂျင်စက်ထားရှိမည့်နေရာသို့ ဩဂုတ်လ(၂၁) ရက်နေ့တွင် ရောက်ရှိပြီး စက်တင်ဆင်မှု များ ပြုလုပ်၍ စမ်းသပ်လည်ပတ်နေပြီဖြစ်ကြောင်း သိရှိရသည်။
အောက်ဆီဂျင်ဝယ်ယူမှုနှင့်ပတ်သက်၍ ဘားအံမြို့သူ/မြို့သား အောက်ဆီဂျင်ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်က “ကျွန်တော်တို့ဘားအံမြို့သူ/မြို့သားများစုပေါင်းအလှူငွေဖြင့် အောင်ကြီး AGGC ကုမ္ပဏီမှ တရုတ်နိုင်ငံထုတ် အောက်ဆီဂျင်မိုဘိုင်းစက်(၁)လုံးကို ဝယ်ယူခဲ့ပါတယ်၊ စက်တန်ဖိုးကတော့ ကျပ်သိန်း(၇၅၀)ခန့်ဖြစ်ပြီး တစ်နေ့လျှင် (၄၀)လီတာဆလင်ဒါအိုး(၆၄)လုံး ထုတ်လုပ်နိုင်မှာဖြစ်ပြီး စက်လည်ပတ်နိုင်ရန်အတွက် 100 KVA ထရန်စဖော်မာ(၁)လုံး ကိုလည်းတပ်ဆင်ခဲ့ပါတယ်၊ ထွက်ရှိလာတဲ့ အောက်ဆီဂျင်များကို ဘားအံမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါခံစား နေရပြီး အမှန်တကယ် လိုအပ်သည့် လူနာများ၊ ပရဟိတအဖွဲ့များသို့ အခမဲ့ ဖြန့်ဝေပေးသွားမှာဟု” ပြောကြားခဲ့သည်။
ဘားအံမြို့သူ/မြို့သား အောက်ဆီဂျင်ဖြစ်မြောက်ရေးအဖွဲ့ ဘဏ္ဍာရေးမှူးဖြစ်သည့် ဦးဆန်းထွန်းဦးက အောက်ဆီဂျင်စက် မဝယ်ယူမီကတည်းက ဘားအံမြို့သူ/မြို့သားများ၏ စုပေါင်းလှူဒါန်းငွေဖြင့် ကိုဗစ်-၁၉ရောဂါဝေဒနာခံစားနေရသည့်ပြည်သူများ အောက်ဆီဂျင်မပြတ်လပ်စေရေး ဆောင်ရွက်ခဲ့မှု အခြေ အနေများကို “ကျွန်တော်တို့ မြို့သူမြို့သားများစုပေါင်းပြီး လှူဒါန်းသည့် အလှူငွေဖြင့် မြဝတီ တစ်ဖက်ကမ်းမှ အောက်ဆီဂျင်အိုးတွေသယ်ယူခဲ့ပြီး အောက်ဆီဂျင်လိုအပ်မှုကို ဖြည့်ဆည်းပေးနေပါတယ်၊ အခုဆိုရင်အိုးကြီး(၁၂၀၀)ကျော် အောက်ဆီဂျင် ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး အောက်ဆီဂျင်မပြတ်လပ်စေရေးအတွက် မြို့သူမြို့သား၏ စုပေါင်းလှူဒါန်းငွေဖြင့် ဝယ်ထားတဲ့ အိုးကြီး(၂၅၀)လုံး၊ အိုးသေး (၅၆)လုံးနဲ့ လည်ပတ်နေပါတယ်” ဟုပြောကြားခဲ့သည်။
ဘားအံမြို့သူ/မြို့သား အောက်ဆီဂျင်ဖြစ်မြောက်ရေးအဖွဲ့အနေဖြင့် အများပြည်သူထည့်ဝင်သည့် လှူဒါန်းငွေပေါ်မူတည်၍ အောက်ဆီဂျင်စက် မလည်ပတ်မီစပ်ကြား ကိုဗစ်-၁၉ ရောဂါခံစားနေရသည့် လူနာများ အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေးအတွက် မြဝတီမြို့မှ အောက်ဆီဂျင်အိုးများ သယ်ယူ၍ ဆက်လက်ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ခရိုင်( ပြန်/ဆက်)