ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယနေ့ ဆက်လက် ထိုးနှံပေး

ဆိပ်ကြီးခနောင်တို ဩဂုတ် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျော့ချရန်၊ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်း ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်း(Volunteer) အဖွဲ့ဝင်များအား ယနေ့ နံနက် ၉ နာရီမှစ၍ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ဒုတိယ အကြိမ်(ဒုတိယနေ့) ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေး ထိုးနှံပေးရာတွင် သတ်မှတ် ဦးစားပေးအုပ်စု အလိုက် ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ရှိအသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ မြို့နယ်အတွင်းလက်ရှိ တာဝန်ထမ်းဆောင်လျက် ရှိသည့် ဝန်ထမ်းများ နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အားတက် သရော ပါဝင် ကူညီဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်း  Volunteer အဖွဲ့ဝင်များကို ဒုတိယအကြိမ်အဖြစ် ထိုးနှံပေး လျက်ရှိပြီး၊ ယမန်နေ့တွင် ပထမနေ့  အဖြစ် ကာကွယ်ဆေး ထိုးနှံ ခွင့်ရရှိသူ(၇၅) ဦးအားထိုးနှံပေးခဲ့ပြီး၊ ယနေ့တွင် ဦးစားပေး အုပ်စုများထဲမှ ကာကွယ်ဆေး ထိုးနှံခွင့်ရရှိသူ (၂၀၈)ဦးအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သီတာတင်ဝင်း ဦးဆောင်၍ ကျန်းမာ ရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့်အဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုန့်ပြန် ရေးကော်မတီဝင် ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ ဝင် များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက် ရှိသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းကာလအတွင်း  ယနေ့အထိ မြို့နယ် အတွင်း ကိုဗစ်-၁၉  ရောဂါ ပိုးတွေ့ရှိ သူ (၂၉၃)ဦးရှိကာ ၎င်းတို့အနက် ပြန်လည်ကျန်းမာ၍ ဆေးရုံဆင်းခွင့် ရရှိသူ (၂၁၀)ဦးနှင့် သေဆုံးသူ(၇၈)ဦးရှိပြီး၊ လက်ရှိ အချိန်တွင်  ဆေးကုသမှုခံယူနေသူ (၅)ဦးသာကျန်ရှိကာ ၎င်းတို့အနက် (၂)ဦးကို အင်းစိန်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသပေးလျက်ရှိပြီး၊ ကျန်(၃)ဦးကို မြို့နယ် ကုသရေးစင်တာ(၃)ခုတွင် ထားရှိကြပ်မတ် ကုသပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ ထံမှ သိရသည်။

ဝေယံ