သာစည် ဩဂုတ် ၃၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဆောက်လုပ်လျက်ရှိသော အောက်ဆီဂျင်စက်ရုံအတွက် အောက်ဆီဂျင်ထုတ်စက် ယမန်နေ့က ရောက်ရှိပြီး ယာယီထားရှိှမည့်နေရာ၌ ပို့ဆောင်ထားကြောင်းနှင့်ထိုနေရာတွင် စနစ်တကျဖြင့် ယာယီမောင်းနှင်ပြီး အောက်ဆီဂျင် ထုတ်လုပ်ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရ သည်။
“အောက်ဆီဂျင်ထုတ်စက် ၂၉ ရက်နေ့က ရောက်ပါတယ် မြို့နယ်က စေတနာရှင်၊ အလှူရှင်တွေရဲ့ မတည်လှူဒါန်းမှုနဲ့ ဆောက်လုပ်နေတဲ့ပတ်ကားအဆောက်အဦးက ဆောက်လုပ်နေဆဲဖြစ်တဲ့အတွက် ယာယီထိန်းသိမ်းထားရှိမဲ့နေရာကို ပို့ဆောင်ထားပါတယ် စက်ရုံအဆောက်အဦးကိုလည်း အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်နေပါတယ် စက်ရဲ့အောက်ဆီဂျင်ထုတ်လုပ်နိုင်မှုကတော့ တစ်နာရီကို ၄၀ လီတာအိုး ၄ လုံးထွက်ရှိမှာဖြစ်ကြောင်းနှင့်မြို့နယ်မှာ အောက်ဆီဂျင်လိုအပ်နေတဲ့လူနာတွေအတွက် ဖြည့်ဆည်းပေးနိုင်ဖို့ အမြန်ဆုံး ဆောင်ရွက်လျက်ရှိကြောင်း” မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်ထံကသိရသည်။
အဆိုပါ စက်ရောက်ရှိရာသို့ မိတ္ထီလာတပ်နယ် တပ်နယ်မှူးဗိုလ်မှူးကြီးသန်းနိုင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးတို့ လာရောက်ကြည့်ရှုပြီး အောက်ဆီဂျင်စက်ရုံ အဆောက်အဦး အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နိုင်ရန်နှင့်ယာယီ ထားရှိသည့်နေရာတွင် အောက်ဆီဂျင်ထုတ်လုပ်မှု စနစ်တကျဖြင့် အလျင်အမြန် ဆောင်ရွက်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲနှင့် အလှူရှင်တို့အား ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)