နောင်ချို ဩဂုတ် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်းမှ ယမန်နေ့ နံနက်ပိုင်းက လားရှိုးမြို့သို့ အောက်ဆီဂျင်အိုး အလုံး(၂၀)အား သွားရောက်အရည်ဖြည့်ခြင်းမှ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါအောက်ဆီဂျင် အရည်များကို လားရှိုးမြို့ Cornerstone မှ ဖြည့်ဆည်းလှူဒါန်း ပေးခြင်းဖြစ်ပြီး အသင်းမှ လူငယ်လေးများက သွားရောက်သယ်ဆောင်ခဲ့ကြသည်။
သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်းသို့ အလှူရှင်များမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအတွက် လိုအပ်သော အောက်ဆီဂျင်၊ ကျန်းမာရေးသုံးပစ္စည်းများ၊ ဆေးဝါးများကို အခါအားလျော်စွာ လှူဒါန်းပေးခဲ့ကြပြီး၊ အသင်းမှလည်း ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိစစ်ဆေးခြင်း၊ ကုသခြင်းတို့အပြင် မြို့နယ်အတွင်း အောက်ဆီဂျင် လိုအပ်သောနေရာများသို့ ဆက်လက်လှူဒါန်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာများတွင် သဖန်းကိုင်းစင်တာသည်လည်း တစ်ခုပါဝင်ကြောင်း သဖန်းကိုင်းပရဟိတ ဆရာတော်ထံမှ သိရသည်။
ထွေးငယ်