မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာအောင်မင်္ဂလာကျောင်းတိုက်မှ နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ဝင် ဘဒ္ဒန္တဩဘာသမထေရ်၏ ယာယီနိဗ္ဗာန်စံကျောင်းတင်အခမ်းအနားကျင်းပ

မိုးကောင်း  ဩဂုတ် ၃၀

 

ကချင်ပြည်နယ်၊ မိုးကောင်မြို့နယ် ဆားမှော်ကျေးရွာ အောင်မင်္ဂလာကျောင်းတိုက်ကြီးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ ဦးစီးပဓါနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဇောတိကဓဇ၊ သက်တော်(၇၄) သိက္ခာ(၅၄)ဝါရ၊ နိုင်ငံတော်သံဃာ့မဟာ နာယကအဖွဲ့ဝင် ဘဒ္ဒန္တဩဘာသ မထေရ်၏ယာယီနိဗ္ဗာန်စံကျောင်းတင်အခမ်းအနားကို ဩဂုတ်လ(၂၉)ရက်မွန်းတည့်(၁၂)နာရီတွင် အောင်မင်္ဂလာကျောင်းတိုက်၌ ကျင်းပသည်။

 

အခမ်းအနားကို ဆရာတော်သံဃာတော်များ၊ တပည့်သံဃာတော်များ၊ ကချင်ပြည်နယ်အစိုးရ အဖွဲ့လူမှုရေးဝန်ကြီးဦးဝင်းရဲထွန်း၊ ကချင်ပြည်နယ်သာသနာရေးမှူး ဦးဝင်းဇော်ညွှန့်၊ မိုးကောင်းမြို့ နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဆွေတော်မျိုးတော်တပည့် ဒါယိကာ/ဒါယိကာမများ တက်ရောက်ပူဇော်ကြသည်။

 

အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ရတနာသုံးပါး ကန်တော့၍ နိုင်ငံတော်ဗဟို သံဃာဝန်ဆောင် အင်းတော်မြို့နယ် အောင်းကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေသရထံ ငါးပါးသီလခံယူ တည်ဆောက်ကြသည်။

 

ယင်းနောက် အင်းတော်မြို့နယ်အောင်ကုန်းကျောင်းတိုက်ဆရာတော်မှ ဩဝါဒကထာ မြွက်ကြားပြီး နိုင်ငံတော်သံဃာနာယက အဖွဲ့၏ သံဝေဂဉာဏ်ပွါးတော်မူကြောင်းမှတ်တမ်းတင် သဝဏ်လွှာကို အကျိုးတော်ဆရာတော်မှလည်းကောင်း၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကပေးပို့ ဆက်ကပ်သော ဝမ်းနည်းကြောင်းသဝဏ်လွှာကို ပြည်နယ်သာသနာရေး မှူးကလည်းကောင်း အသီးသီးဖတ်ကြားလျှောက်ထားကြသည်။

 

ဆက်လက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်း(၅၀)၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီးမိသားစုမှ ငွေကျပ်(၁၀)သိန်းနှင့်သင်္ကန်းခြင်း(၅၀)စုံ၊ အမှတ်(၃)ခြေလျှင်တပ်မဟာ နှင့်လက်အောက်ခံတပ်ရင်းမှ ငွေကျပ်သိန်း(၃၀)၊ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ငွေကျပ်(၅)သိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ/ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ စုပေါင်းလှူဒါန်းငွေကျပ်(၇)သိန်း(၅)သောင်းနှင့် ဒေသခံအလှူရှင် အသီးသီးတို့မှထည့်ဝင်လှူဒါန်းမှုအပါအဝင် အန္တမအဂ္ဂိဈာပနပူဇာအတွက် အလှူငွေစုစုပေါင်း (၃၉၃)သိန်းပေးအပ်လှူဒါန်းရာ ပြည်နယ်သာသနာရေးမှူးက လက်ခံရယူပေးခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 

၎င်းနောက် ဆရာတော်ဘုရားကြီး၏ထေရုပ္ပတိအကျဉ်းကို ပင်းဘောကျောင်းဆရာတော်က ဖတ်ကြားပြိီး ပုညဂဝေသီဝတ် အသင်းက ရှစ်လုံးဘွဲ့သံဝေဂကဗျာဖြင့်လည်းကောင်း၊ အောင်မင်္ဂလာကျောင်း ဦးဓမ္မသာရက နောက်ဆုံးပန်ထွာ ကန်တော့လွှာ ပစ္ဆိမဝန္ဒနာဂါထာဖြင့်လည်းကောင်း ရွတ်ဆို ပူဇော်ကြသည်။

 

ထို့နောက် ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်သာသနာရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းထားသောလှူဖွယ်ပစ္စည်းများကို ဆရာတော် အရှင်သူမြတ်များထံဆက်ကပ်ပြီး လှူဒါန်းမှု အစုစုတို့အတွက် ကချင်ပြည်နယ် ဘ/ကအတွင်းရေးမှူး ဘဒ္ဒန္တဥက္ကဋ္ဌ၊ ဗန်းမော်-နမ့်ဖား သီရိဓဇ ကျောင်းဆရာတော်က ရေစက်သွန်းချအမျှပေးဝေသည်။

 

ယင်းနောက် ဆရာတော်ဘဒ္ဒန္တဩဘာသမထေရ်မြတ်၏ရုပ်ကလာပ်တော်အား သာသနာ့ အလံဖလားကိုင်၊ ပန်းကြဲ၊ ကြေးစည်တီး၊ သာသနာအလံကိုင်၊ ပန်းအလှကိုင်၊ အဂ္ဂမဟာပဏ္ဍိတ အလံ တော်/ တံဆိပ်တော်/ ဘွဲ့လက်မှတ်/ ဆရာတော်ရုပ်ပုံတော်၊ သင်္ကန်း/ပရိက္ခရာ၊ ဆရာတော် ရုပ်ကလာပ်တော်ထီးတော်မိုးနတ်မင်းများဖြင့် တပည့်သံဃာတော်များ၊ ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ ဆွေတော်မျိုးတော်များ၊ တပည့်ဒါယကာ/ ဒါယိကာမများနှင့် ပြည်နယ်အစိုးရဝန်ကြီးများက ယာယီ နိဗ္ဗာန်စံကျောင်းသို့ လက်ဆင့်ကမ်းပင့်ဆောင်ခဲ့ကြောင်း သိရသည်။

 

သန်းလွင်ဦး(ပြန်/ဆက်)