မိုင်းယန်းမြို့နယ်တွင် ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ကွင်းဆင်းထိုးနှံပေး

မိုင်းယန်း  ဩဂုတ် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု အတွင်းရှိ အသက်(၆၅)နှစ်အထက် ဘိုးဘွားများနှင့် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခန့်က မိုင်းလွေကျေးရွာ ဆင်ဖြူတော် ဘုန်းတော်ကြီးကျောင်း၌ ဇူလိုင် ၃၁ ရက်နေ့က ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးကို ကျေးရွာအရောက်ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီနှင့် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးလုပ်ငန်းများကို မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ အသက်(၆၅)နှစ် အထက်ပြည်သူများ၊ စေ့တနာဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းမိသားစုဝင်များ၊ သာသနာ့ဝန်ထမ်းများ၊ စက်ရုံ/အလုပ်ရုံ ဝန်ထမ်းများ၊ ဟော်တယ်၊ မိုတယ်၊ တည်းခိုခန်းဝန်ထမ်းများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးဝန်ထမ်းများနှင့် ဈေးသည်များ အစရှိသည့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ကွင်းဆင်းထိုးနှံပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံရာတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဦးဘ ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးလမ်းညွှန်မှာကြားချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးခြင်း၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စနစ်တကျ မှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်တို့က သွားရောက်ကြီးကြပ်ကွပ်ကဲဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်၌ ဩဂုတ်လ ၂ ရက်နေ့မှ ဩဂုတ် ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း(၃၁)ဦး၊ ပြန်လည်ကောင်းမွန်ပြီး ဆေးရုံမှဆင်းသူ (၃၀)ဦး၊ (၁)ဦးသာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)