မိုင်းလုံ သြဂုတ် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် ၉နာရီ အချိန်ခန့်က မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက Sinopharm အမျိုး အစားကာကွယ်ဆေး (ဒုတိယအကြိမ်)ကို (၂)ရက်မြောက် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် (၃၁.၇.၂၀၂၁)ရက်နေ့၌ ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးထားသော (၆၅)နှစ်နှင့်အထက် ပြည်သူ(၂၃)ဦးကိုဦးစားပေးအနေဖြင့် (၂၉-၈-၂၀၂၁)ရက်နေ့ က ဆေးထိုးနှံပေးခဲ့ပြီး ၊ ပူးပေါင်း ပါဝင် ကူညီ ဆောင်ရွက်ပေးရာတွင် ကျန်ရှိသော ဝန်ထမ်းများ၊ ပရဟိတအသင်း၊ ပို့ဆောင်ရေး လုပ်ငန်းများနှင့် ဈေးရောင်း/ဈေးဝယ်ပြည်သူများကို ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ မိုင်းလုံမြို့ ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ သွေးပေါင် ချိန်ပေးခြင်းစသည့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများပြီးမှ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက်ပြီး၊ ကာကွယ်ဆေး ထိုးနှံပြီးပါက နာရီဝက်ခန့် စောင့်ကြည့်ခြင်းနှင့် ပြည်သူများ အတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။
ဇော်(ပတ္တမြားမြေ)