မိုးမိတ်မြို့၌ အသက်(၆၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

မိုးမိတ်   ဩဂုတ် ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင်  ကိုဗစ်-၁၉ကာကွယ်ဆေး  ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီမှ စတင်၍ ထိုးနှံပေးခဲ့ပြီး လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် Social distaning နှင့်အညီ မြို့နယ်စည်ပင်သာယာခန်းမ၌  ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။ ထိုသို့ထိုးနှံပေးရာ၌ အသက် ၆၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား  ထိုးနှံပေးလျက်ရှိပြီး ကိုဗစ်ကာကွယ်ဆေးမထိုးမီ စာရင်းပေးသွင်းခြင်း၊  သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင်ပမာဏာတိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်းတို့ကို ဦးစွာဆောင်ရွက်ပြီး ယင်းလုပ်ငန်းစဉ်များ အခြေအနေမှန်ဖြစ်မှသာ ကာကွယ်ဆေးထိုးနှံ ပေးခြင်းဖြစ်သည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါက်တာနေဝင်းလှိုင်က “ပထမဆုံးအကြိမ် ထိုးပေးတဲ့ကိုဗစ်-၁၉ ကာကွယ်ဆေးတုန်းက ဆေးတစ်လုံးကို လူနှစ်ဦးထိုးရတာပါ အခု ဒုတိယအကြိမ်ထိုးရတဲ့ကာကွယ်ဆေးမှာတော့ ဆေးတစ်လုံးကို လူတစ်ဦးဘဲ ထိုးနှံပေးပါတယ်၊ ကာကွယ်ဆေးထိုးပြီးပြီဆိုပေမယ့်လည် ပေါ့ပေါ့ဆဆမနေသင့်ပါဘူး Social Distancing နေထိုင်ခြင်း၊ Mask တပ်ခြင်း၊ လက်ဆေးခြင်းတွေကို ဆက်လက်လုပ် ဆောင်သွားရမည်ဖြစ်ပါတယ်” လို့ ပြောသည်။

“ယနေ့ဆေးလာထိုးခြင်းအားဖြင့် ဆေးထိုးတာနှစ်ကြိမ်ပြည့်သွားပါပြီ အခုဆိုကျန်းမာရေးလဲ ကောင်းပါတယ် ဘာမှလဲမဖြစ်ပါဘူး  အခုလိုနိုင်ငံတော်က ကိုဗစ်ကာကွယ်ဆေးကို အခမဲ့ထိုးနှံပေးတဲ့ အတွက် အရမ်းကိုကျေးဇူးတင်မိပါတယ်”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီးအငြိမ်းစား ဦးအေးငွေက ပြောကြားပါသည်။

မိုးမိတ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်သူရဝင်းက “ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် ကျွန်တော်တို့ကြက်ခြေနီအသင်းအနေဖြင့် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ကာကွယ် ဆေးထိုးနိုင်ရန်အတွက် ဆောင်ရွက်ပေးခြင်း၊ ကိုဗစ်ကာကွယ်ဆေးမထိုးမီ စာရင်းသွင်းခြင်းများ ဆောင်ရွက်ပေးခြင်း၊  သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင် ပမာဏာ တိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်းတို့တွင် ကျန်းမာရေးဝန်ထမ်းများအား ပူးပေါင်း၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း”ပြောကြား ခဲ့သည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ဘော်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး အောင်ဇော်ထက်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာနေဝင်းလှိုင်တို့က ကြီးကြပ်ကြည့်ရှုခဲ့ပြီး မြို့နယ်ကျန်းမားရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရပါသည်။

စည်သူဌေး