ဇမ္ဗူသီရိမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

ဇမ္ဗူသီရိ ဩဂုတ် ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသည့် ဆရာတော် သံဃာတော်များ၊ သီလရှင်များ၊ အသက် (၆၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွာများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို  ယနေ့နံနက် (၉) နာရီက အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအုပ်စိုးလင်းနှင့် ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့များက ပူးပေါင်း ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စနစ်တကျမှတ်တမ်း ရေးသွင်းခြင်းများ ပြုလုပ်ပြီး ပုံမှန်အနေအထားရောက်မှသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီး ဆေးထိုးနှံပြီးသူများကိုလည်း မိနစ် ၃၀ ခန့်အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်အနေဖြင့် ယနေ့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် (၅၄၁) ဦးအား ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိသူများကိုလည်း ဦးစားပေး အုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)