ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျေးလက်ကုန်ထုတ်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ဥတ္တရသီရိ ဩဂုတ် ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးလက်ကုန်ထုတ် လုပ်ငန်းများအား  ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်ဟွာလ်ဇိက်၊ ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအွမ်တမ်ဟုန်း၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံ အင်ဂျင်နီယာတို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဦးစီးမှူးမှ   တင်ဒါအောင်မြင်သည့် ကုမ္ပဏီအသီးသီးအား သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိစေရေး၊ လုပ်ငန်းအရည်အသွေးကောင်းမွန်စေရေး နှင့် သတ်မှတ် ကာလ အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေးနှင့်  ပြည်သူ့အကျိုးကိုရှေးရှု၍  အလေးထား ဆောင်ရွက်ပေးရန် မှာကြားသည်။

ဥတ္တရသီရိမြို့နယ်တွင်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ကုန်ထုတ်လမ်းလုပ်ငန်းများမှာ ကျွဲရှင်းကျေးရွာ၊ တောင်ညိုကျေးရွာနှင့် ကျောင်းစုကျေးရွာတို့တွင် မြေသားရိစာခင်းခြင်း လုပ်ငန်း၊ Box Culvert တည်ဆောက်ခြင်းနှင့်  Pipe Culvert တည်ဆောက်ခြင်းလုပ်ငန်းတို့ဖြစ်ပြီး အဆိုပါလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မူလခွင့်ပြုရန်ပုံငွေဖြင့် တင်ဒါအောင်ကုမ္ပဏီမှ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများပြီးဆုံးသွားပါက ပြည်သူများ၏ ထုတ်ကုန်၊ ထွက်ကုန်များအား စျေးကွက်သို့ ယခင်ကထက် ပိုမိုလျင်မြန်စွာပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)