ဝမ်းတွင်းမြို့နယ် သဖန်းကျေးရွာနှင့် ပင်းတလဲကျေးရွာချင်း ဆက်လမ်းပေါ်ရှိ သင်ပုန်းချောင်းကူးတံတား တည်ဆောက် လျက်ရှိ

မိတ္ထီလာ သြဂုတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် သဖန်းကျေးရွာနှင့် ပင်းတလဲကျေးရွာချင်း ဆက်လမ်းပေါ်ရှိ သင်ပုန်းချောင်းကူးတံတား တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာ(၃၀)ကျော်မှ ဒေသခံကျေးလက်နေပြည်သူများ၏ အဓိက ကုန်စည်စီးဆင်းမှုအဖြစ် အသုံးပြုလျက်ရှိသည့် သဖန်းကျေးရွာနှင့် ပင်းတလဲကျေးရွာချင်းဆက် လမ်းပေါ်ရှိ သင်ပုန်းချောင်းကူးတံတားမှာ ချောင်းရေတိုက်စားခဲ့၍ ပျက်စီးခဲ့သဖြင့် ၎င်းလမ်းကို အသုံးပြုလျက်ရှိသည့် ဒေသခံကျေးလက်နေပြည်သူများမှာ မိုးရာသီတွင် တောင်ပုလုဆည်မှ ရေပိုရေလျှံများ စီးဆင်းသည့်အတွက် မိုးရာသီ ချောင်းရေကျချိန်တွင် သွားလာရာ၌ အခက်အခဲများဖြစ်ပေါ်လျက်ရှိသောကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် အရှည် ပေ ၃၀၀၊ အကျယ် ၁၆ ပေရှိ Bored Pile Foundation၊ သံကူကွန်ကရစ်ကြမ်းခင်း၊  ထပ်ပိုးကတ္တရာခင်း၊  Submersible Bridge အမျိုးအစားကို  ဇန်နဝါရီလမှ စတင်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(တံတားတည်ဆောက်ရေးအဖွဲ့) နေပြည်တော်မှ တာဝန်ယူ၍ တည်ဆောက်လျက်ရှိရာ ၎င်းသင်ပုန်းချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းကို စက်တင်ဘာလ အတွင်းအပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း တံတားတည်ဆောက်ရေး တာဝန်ခံထံမှ သိရသည်။

အဆိုပါ သဖန်းကျေးရွာနှင့် ပင်းတလဲကျေးရွာချင်းဆက်လမ်းပေါ်ရှိ သင်ပုန်းချောင်းကူးတံတားကို ဝမ်းတွင်းမြိုနယ် အနောက်ဘက်ခြမ်းရှိ ပင်းတလဲ၊ တဲစု၊ တောင်ဆည်၊ ဆင်သေကွေ့၊ ရွာသစ်၊ သုံးထောင့်အိုင်၊ ညောင်ကားယား၊ အိုမတွေ့၊ သဖန်း၊ ကန်မလ၊ မရမ်း၊ ပလက်ဝါ၊ လေးမျက်နှာ၊ ဝက်လက်၊ ရွာသာအေး၊ ဉာဏ်ကန်၊ ကန်ပတ်လယ်၊ ကျောင်းကုန်း၊ ခံဘူး၊ ခံပဲ့၊ ပြည်တော်သာ၊ ဂွေ့ကြီး၊ ရှောက်တော၊ ကုက္ကိုခလ၊ သဖန်ပင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံကျေးလက်နေပြည်သူများ၏  ဒေသထွက်ကုန် များ သယ်ယူပို့ဆောင်ရောင်းဝယ်ရာတွင် အဓိက အသုံးပြုလျက်ရှိသောကြောင့် ၎င်းတံတားတည်ဆောက် ပြီးစီးပါက ရာသီမရွေး သွာလားနိုင်တော့မည်ဖြစ်ကြောင်း ပင်းတလဲကျေးရွာမှ ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)