မိုင်းရယ် ဩဂုတ် ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသည့် အသက် ၆၅ နှစ်နှင့် အထက်သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ အမှတ်(၁) ရပ်ကွက်၊ နမ့်ရယ်ခန်းမ၌ ပြုလုပ်သည်။
ယနေ့ ကာကွယ်ဆေးထိုးနှံမှုအနေဖြင့် သတ်မှတ်အုပ်စု(၁၃)အုပ်စုမှ ကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း (၂၇)ဦးကို ထိုးနှံပေးခဲ့ပြီး ဒုတိအကြိမ်ထိုးနှံပြီးသူ (၅၆) ဦးရှိပြီဖြစ်ကြောင်း သိရသည်။ မိုင်းရယ်မြို့နယ်ရှိ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံထားသူများအနေဖြင့် ဒုတိအကြိမ်ထိုးနှံခြင်းကို နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီအတွင်း မိုင်းရယ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ နမ့်ရယ်ခန်းမတွင် လာရောက် ထိုးနှံနိုင်ကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ကမ်းမယ့်လက်ပရဟိတနှင့် လူမှုကူညီရေးအသင်းတို့မှ ပူးပေါင်း ပါဝင်ဆောင်ရွက်သည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနေမှုများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များက ကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
ကျော်ဇင်ထိုက်