မြိတ်မြို့တွင် ကိုဗစ်ရောဂါ ဖြစ်ပွားမှုများပြားသည့် ရပ်ကွက်/ကျေးရွာအား Hot Sport Area သတ်မှတ်၍ ပြည်သူများအား ရောဂါပိုးရှိမရှိ အခမဲ့စစ်ဆေးပေး

 

မြိတ်   ဩဂုတ်   ၂၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌ ကိုဗစ်-၁၉ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ရောဂါပိုး ဖြစ်ပွားမှုများပြားလျက်ရှိသည့် မြိတ်တောင်ကျေးရွာနှင့် မြိတ်တောင်ရပ်ကွက်တို့ကို Hot Sport Area အဖြစ် သတ် မှတ်၍ ပြည်သူများအား ယနေ့တွင် နေရာ(၄)နေရာ၌ RDT Test Kit ဖြင့် ရောဂါပိုးရှိမရှိ အခမဲ့စစ်ဆေးပေးလျက်ရှိသည်။

ရောဂါဖြစ်ပွားမှုများပြားတဲ့ ရပ်ကွက်တွေကို Hot Sport Area သတ်မှတ်ပြီးတော့ စစ်ဆေးတာဖြစ် ပါတယ်။ စစ်ဆေးတွေ့ရှိချက်ရလဒ်ကို ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေး (ဗဟို)ကော်မတီမှသုံးသပ်ပြီး လုပ်ငန်းလမ်းညွှန်ချက်များအတိုင်း ကိုဗစ်-၁၉ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ် ” ဟု မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့် ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမင်းက ပြောသည်။

မြိတ်မြို့နယ်၌ ကိုဗစ်ရောဂါပိုး ကူးစက်ဖြစ်ပွားမှုအများဆုံးသည် မြိတ်တောင်ကျေးရွာဖြစ်ပြီး မြိတ်တောင် ရပ်ကွက်သည် ကျယ်ဝန်း၍ လူနေထူထပ်သည့်အတွက် ရောဂါပိုးတွေ့ရှိမှုများပြားသည့် ဧရိယာထဲတွင်ပါဝင်ကြောင်း၊ ကျန်ရှိသည့်ရပ်ကွက်ကျေးရွာများကိုလည်း လိုအပ်ပါက ထပ်မံစစ်ဆေး သွားမည်ဖြစ်ကြောင်း၊ ကိုဗစ်ရောဂါပိုးရှိမရှိစစ်ဆေးရာတွင် ပိုးတွေ့ရှိသူများကို ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူ စေမည်ဖြစ်ပြီး ၄င်းတို့နှင့် ထိတွေ့ခဲ့သူများအား ထပ်မံစစ်ဆေး၍ အသွားအလာကန့် သတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုန့်ပြန်ရေး ကော်မတီမှ သိရသည်။

မြိတ်မြို့နယ်၌ ကိုဗစ်ရောဂါ တတိယလှိုင်းဖြစ်ပွားပြီး ရောဂါပိုးစစ်ဆေးတွေ့ရှိသူ ဩဂုတ်လ(၂၈)ရက် အထိ (၁၆၁၅)ဦးရှိခဲ့ကြောင်း၊ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူပြီး ပြန်လည်ကျန်းမာ၍ ဆေးရုံ ဆင်းသူ (၁၂၄၇) ဦးရှိ၍ ဆေးရုံတွင် ဆေးကုသမှုခံယူနေသူ(၂၁၂)ဦးရှိကာ သေဆုံးသူ(၁၅၃)ဦး ရှိခဲ့ကြောင်း၊   မြိတ်မြို့နယ်အား ကိုဗစ် ရောဂါ ကူးစက်မှုများပြားလာခဲ့သဖြင့် ကျန်းမာရေးဝန်ကြီးဌာ နမှ Stay at Home မြို့နယ်အဖြစ် ဩဂုတ်လ (၂၃) ရက်နေ့က သတ်မှတ်ထားရှိသည်။

ပြည်သူများအား ကိုဗစ် ရောဂါပိုးရှိမရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးကို မြိတ်တောင်ကျေးရွာ တွင် အောင်သုခရပ် အရန်မီးသတ်ရုံးနှင့် တရုတ်တန်းရပ် ဓမ္မရတနာဘုန်းတော်ကြီးကျောင်းတွင် လည်းကောင်း၊ မြိတ်တောင်ရပ်ကွက်တွင် မြို့မ(၁)ရပ် အထက(ခွဲ)စာသင်ကျောင်းနှင့် ဘုရားကိုင်ရပ် အလက(၁၅) စာသင်ကျောင်း တွင်လည်းကောင်း ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးဆောင်ရွက် ပေးလျက်ရှိရာ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ခိုင်ထူး