မိုင်းဆတ် ဩဂုတ် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ပထမ အကြိမ်ထိုးနှံပြီးသူများကို ယနေ့နံနက်(၉)နာရီခွဲက သတ်မှတ်စုရပ်နေရာဖြစ်သည့် မြို့နယ်ပြည်သူ့ ဆေးရုံ တွင် ဒုတိယအကြိမ်အဖြစ် စတင်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် အသက်(၆၅)နှစ် အထက်ရှိဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် သံဃာတော်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ပညာရေး ဝန်ထမ်းတို့က ကာကွယ်ဆေးလာရောက်ထိုးနှံသူများ၏ အမည်စာရင်းများ မှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက် ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးလင်းအောင်မိုး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေထွန်းနှင့် တာဝန်ရှိသူ တို့က လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြင့်မောင်(ခရိုင်ပြန်/ဆက်)