မိုင်းခုတ် ဩဂုတ် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ မြို့တိုက်နယ်ဆေးရုံနှင့် သတ်မှတ်စုရပ်များ၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာခြင်းများကို ဆောင်ရွက်ပြီး ပုံမှန်အနေအထားရှိသာမှ ထိုးနှံပေးခဲ့ခြင်းဖြစ်ကာ ပထမအကြိမ်ထိုးနှံ ပြီးခဲ့သည့် အသက်(၆၅)နှစ်အထက် ဘိုးဘွားများနှင့် ဦးစားပေးအဆင့်တွင် ပါဝင်သူများအား ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းခုတ်မြို့အတွက် ဆေးအလုံးရေ ၁၃၀ ရရှိ၍ ဆေးတစ်လုံးလျှင် လူတစ်ဦးနှုန်းဖြင့် စုစုပေါင်း လူဦးရေ ၁၃၀ ဦးအား ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို စစ်ဘက်ဆိုင်ရာ ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြရာ ကာကွယ်ဆေး ထိုးနှံပေးနေမှုများအား မြို့အုပ်ချုပ်ရေးမှူး ဦးလှိုင်ကျော်သူနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အားချာ၊ အောင်လွင်ဌေး