ထားဝယ် သြဂုတ် ၂၉
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်၍ ထားဝယ်မြို့ရှိ ပိုးတွေ့လူနာစောင့်ကြည့်ရေးစင်တာ များတွင် တာဝန်ထမ်းဆောင်ကြမည့် ပရဟိတအဖွဲ့အစည်းများနှင့် Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသော လူငယ် Volunteer များအတွက် စတုတ္ထအကြိမ်သင်တန်းကို ယနေ့နံနက် ၉ နာရီ ကထားဝယ်မြို့၊ မြို့တော်ခန်းမ၌ သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက ပရဟိတအဖွဲ့အစည်း များနှင့် Quarantine Center များတွင်တာဝန်ထမ်းဆောင်နေသော Volunteer များအား သင်တန်းပေးခြင်းသည် ယခုအကြိမ် အပါအဝင် စတုတ္ထအကြိမ်ရှိပြီဖြစ်ပြီး သင်တန်းသား/သူ (၁၀၀)ကျော် သင်တန်းပေးခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းတွင်ဆေးဘက်ဆိုင်ရာနှင့်ပရဟိတလုပ်ငန်း ဆိုင်ရာများကို တာဝန်ရှိသူများက သင်ကြားပို့ချပေးမှာဖြစ်ကြောင်း၊ ပရဟိတလုပ်ငန်းလုပ်ကိုင်သည့် အတွက် အချိန်အခါမရွေး၊ လူမျိုးဘာသာမရွေး သွားလာလှုပ်ရှားမှာဖြစ်သောကြောင့် တွေ့ကြုံရသော အခက်အခဲများရှိနိုင်ကြောင်း၊ သင်တန်းတွင် သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားပို့ချပေးမှာ ဖြစ်သည့်အတွက် သေချာစွာလိုက်နာမှတ်သားပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပေးကြရန် လိုကြောင်း၊ ရပ်ကွက်/ကျေးရွာများတွင် ပရဟိတလုပ်ငန်းလုပ် ကိုင်နေသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အားပေးကြောင်း၊ သင်တန်းပြီးပါက ပရဟိတစိတ်ဓာတ်ဖြင့် ရပ်ကွက်/ ကျေးရွာများ၌ ပရဟိတလုပ်ငန်းများကို လုပ်ကိုင်စေလိုကြောင်း ပြောကြားသည်။
သင်တန်းတွင် တာဝန်ရှိသူများက လူမှုရေးအဖွဲ့အစည်း လူငယ် Volunteer (၃၀)ဦးအား ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုဘာသာရပ်၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ Psycho Social Support နှင့် Counselling ဘာသာရပ်များ၊ မြေပြင်တွင် လက်တွေ့ဆောင်ရွက်ချက်များကို နံနက် ၉ နာရီ မှ ညနေ ၄ နာရီ အထိ သင်ကြားပို့ချပေးမှာဖြစ်ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ်(တိုင်းဒေသကြီးပြန်/ဆက်)