ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ရိုးမရိပ်သာ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာအတွက် အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိလာမှုကို ကြည့်ရှုစစ်ဆေး

ရန်ကုန် ဩဂုတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးလှစိုးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့ ညနေပိုင်းက ရိုးမရိပ်သာ ကိုဗစ်-၁၉ ရောဂါ ကုသရေး စင်တာအတွက် အောက်ဆီဂျင်စက်နှင့် ဆက်စပ် ပစ္စည်းများ ရောက်ရှိလာမှုနှင့် အောက်ဆီဂျင်လိုအပ်မည့် လူနာများအတွက် ပြင်ဆင်ထားရှိမှုကို ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ရိုးမရိပ်သာ ကိုဗစ်-၁၉ ကုသရေး စင်တာသို့ လှူဒါန်းရန် မြန်မာအားမာန်စီးပွားရေး လုပ်ငန်းရှင်များအသင်း၏ နာယက ဦးတင်မောင်နှင့် ဇနီးဒေါ်စီစီမိုး (Xie Family Co.Ltd) က ပြည်ပမှ မှာယူတင်သွင်းခဲ့သည့် တစ်ရက်လျှင် ၄၀ လီတာ ဆလင်ဒါအိုး ၂၀၀ ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် ရောက်ရှိလာမှုနှင့် အောက်ဆီဂျင်စက် တည်ဆောက်မည့် မြေနေရာတွင် လုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံမှုဖြင့် ကိုဗစ်-၁၉ လူနာများထားရှိရန် အိပ်ယာခြင် ထောင်၊ ကုတင်နှင့် ရေချိုးခန်း၊ အိမ်သာများ၊ တကိုယ်ရေသုံးပစ္စည်းများ၊ အောက်ဆီဂျင်လိုအပ်မည့် လူနာများအတွက် အောက်ဆီဂျင်ပိုက်လိုင်း သွယ်တန်းတပ်ဆင်ထားရှိမှုများကို ခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်နှင့် စင်တာ-တာဝန်ခံတို့က ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည့်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

စင်တာတွင် လက်ရှိအောက်ဆီဂျင်လိုအပ်မည့် လူနာ ၅၀ ဦးအတွက် အောက်ဆီဂျင်ပေး ကုသနိုင်ရေး ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်ပါက ထပ်မံ တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လက်ရှိစင်တာ၌ ပိုးတွေ့လူနာ ၈၀ ဦး၊ ပြည်ပနိုင်ငံများမှ ပြည်လည်ဝင်ရောက် လာပြီး Quarantine ဝင်ရောက်နေသူ ၄၁၃ ဦး၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ဆန်းကျော်ဦး