ဆိပ်ကြီးခနောင်တို ဩဂုတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျော့ချရန်၊ရောဂါ ကူးစက်ပြန့်ပွားမှုကိုတားဆီးနိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်း ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသည့် အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ မြို့နယ်အတွင်းတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များအား ယနေ့နံနက် ၉ နာရီမှစ၍ အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ဒုတိယ အကြိမ်(ပထမနေ့) စတင်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနံပေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၇၇၇)ဦး၊ မြို့နယ်အတွင်း လက်ရှိတာဝန်ထမ်း ဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်း(၁၀၄)ဦးနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အားတက်သရော ပါဝင်ဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်း (၃၀)ဦးတို့ကို ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ယနေ့တွင် ပထမနေ့ အဖြစ် ကာကွယ်ဆေး ထိုးနှံခွင့်ရရှိသူ( ၇၅) ဦးအား မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ သီတာတင်ဝင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး၊ ကာကွယ်ဆေး ထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ