မိုင်းယု ဩဂုတ် ၂၉
"လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုကိုင်ကြစို့”ဆောင်ပုဒ်နှင့်အညီအသက်(၁၆)နှစ်ပြည့်ပြီးသူနိုင်ငံသားတိုင်းကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိူမျိုးကိုင်ဆောင်နိုင်ရေး အတွက်ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဩဂုတ် ၂၉ ရက်နေ့က ဒုတိယအကြိမ်အဖြစ် အမှတ်(၁၀၀၈) နယ်ခြားစောင့် တပ်နှင့်တာကြန့်ကျေးရွာအုပ်စု တို့သို့ ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးမင်းနောင်၊ ဒုတိယလဝကမှူး ဦးစိုင်းနေမွန်းငြိမ်းနှင့် ဝန်ထမ်းများသည် အမှတ်(၁၀၀၈) နယ်ခြားစောင့်တပ်မှ အရာရှိများ၊ စစ်သည်များ၊ မိသားစုဝင်များနှင့် တာကြန့်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်း၌ မွေးတိုး၊ သေဆုံးစာရင်း ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း တိုး၊ လျှော့၊ ပြောင်းဝင်၊ ပြောင်းထွက်ဆောင်ရွက်ပေးခြင်းလုပ်ငန်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား စိစစ်၊ လဲလှယ်ထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီးမှုများအား မိတ္တူထုတ်ပေးမှု ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြောင်းနှင့် ဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား များနှင့် အိမ်ထောင်စုလူဦးရေစာရင်းတို့ကို မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၊ မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးမင်းနောင်နှင့် တာဝန်ရှိသူများတို့က သက်ဆိုင်ရာကာယကံရှင်လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။ "မိုင်းယုမြို့၊ လဝကရုံးအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးလျက် ရှိသည့်အပြင် မြို့ရုံးတွင်လည်း အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေး ကတ်ပြားများ ပြုလုပ်ရာတွင် အလွယ်တကူသိရှိနိုင်ရန်နှင့် စုံစမ်းမေးမြန်းနိုင်ရန် အတွက် Call Center (၀၈၄-၆၅၀၂၀ နှင့် ၀၉- ၄၅၄၉၉၁၅၇၂ ) သို့ဆက်သွယ် ၍ မေးမြန်း နိုင်ကြောင်း" မိုင်းယုမြို့ရှေ့တန်းရုံး တာဝန်ခံ ဦးစိုင်းနေမွန်းငြိမ်းထံမှ သိရသည်။
ခွန်အာကာ