စဉ့်ကိုင် သြဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် သင်္ဂတုံကျေးရွာ၌ ဖယောင်းဖျာ ရက်လုပ်ခြင်းဖြင့် မိသားစုများ အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အညာဒေသ၏ အိမ်တိုင်း၌ မရှိမဖြစ်လိုအပ်သည့် ပစ္စည်းများတွင် ဖယောင်းဖျာလည်းအပါအဝင်ဖြစ်ပြီး ဖယောင်းဖျာရက်လုပ်ရန် ကုန်ကြမ်းကို ကံကြီးကျေးရွာမှ သွားရောက် ခုတ်ယူရပြီး (၅)ရက်လောက်နေလှန်း၍ လှန်းပြီးသားဖယောင်းများကို ရက်ခါနီးတွင် ရေခဏစိမ်ပြီးမှသာ ရက်ရသည်။
ကြိုးဆွဲရန် ပလပ်စတစ်ကြိုးကို စက်ရုံမှဝယ်ယူ၍ ယက်ဖောက်စက်နှင့်ကြိုးကို ကျစ်ပြီးမှ လက်ယက်ခုံတွင် တန်းပြီး ဖယောင်းများကို လှပအောင်အရောင်လေးများဖြင့် ပုံစံအလှဆင် ရက်လုပ်ခြင်း ဖြစ်သည်။
ဖယောင်းဖျာများ ရက်လုပ်ရာတွင် တစ်ရက်ကို တစ်ယောက်လျှင်(၅)ချပ်ထိ ရက်ရကြောင်း မိသားစုများလျှင် အချပ်ရေပိုမိုများ၍ ဝင်ငွေပိုမိုရရှိကြောင်း ဖယောင်းဖျား တစ်ချပ်လျှင် အလျား(၆)ပေ၊ အနံ(၃)ပေရှိပြီး တစ်ချပ်လျှင် တစ်ထောင်သွင်းရပြီး ကိုယ်တိုင် ရောင်းလျှင် (နှစ်ထောင်)ထိ ရရှိပါကြောင်း ပူအိုက်သည့်ရာသီ၌ ဝယ်ယူသူများအနေဖြင့် စျေးနှုန်းလည်း သက်သာ ကျန်းမာရေးနှင့်လည်း ညီညွတ်မှုရှိသည့်အတွက် ရောင်းအားပိုမိုကောင်းမွန်ပြီး တစ်ရွာလုံး မိရိုးဖလာလုပ်ငန်းဖြစ်သော ဖယောင်းဖျာ ရက်လုပ်ခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း ဒေါ်ခင်မိုးကြူထံက သိရသည်။
အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်)