ရန်ကုန် သြဂုတ် ၂၉
ယခုအခါတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းသည် လျင်မြန်စွာ ကူးစက်ပြန့်ပွားလျက်ရှိခြင်းကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်း များကို အရှိန်ဟုန်မြှင့် ဆောင်ရွက် လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင်လည်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်အတွင်းရှိ လူအသွားအလာများသည့် နေရာများဖြစ်သည့် တာမွေဗလီလမ်းဆုံ၊ တာမွေ(ယာယီ) စျေးရှေ့၊ ကျောက်မြောင်းလမ်းဆုံ၊ ကျိုက္ကဆံလမ်းနှင့် လမ်းဆက်လမ်း လမ်းဆုံနေရာ၊ မအူကုန်းလမ်းမကြီးတစ်လျှောက်၊ ဗညားဒလ လမ်းမကြီးတစ်လျှောက်၊ ကျားကွက် သစ်လမ်းမကြီးနှင့် သမိန်ဗရမ်းလမ်းမကြီးတစ်လျှောက် အစရှိသည့် နေရာများတွင် အသံချံ့စက်ဖြင့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ အသိပညာပေး နှိုးဆော်ရာတွင် " မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမခံရစေရန်အတွက် အတတ်နိုင်ဆုံး မဖြစ်မနေ မိမိအိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိတို့ နေအိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြရန်၊ မိမိတို့အနေဖြင့်လည်း အခြားသူများထံ သွားရောက်ခြင်း မပြုလုပ် ကြရန်၊ နေအိမ်မှ ပြင်ပသို့ မဖြစ်မနေ သွားလာရမည်ဆိုပါကလည်း ပါးစပ်နှင့်နှာခေါင်းစည်း( Mask )တပ်ရန်၊ အရာ ဝတ္ထု တစ်ခုခုကို ထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် အနည်းဆုံး စက္ကန့်(၂၀)ကြာ ဆေးကြောကြရန်၊ လက်ကို ဆေးကြောခြင်း မပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့်မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ မိမိတို့ နေအိမ်တွင် လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်များ ဖွင့်ထားကြရန်၊ လူတစ်ဦးနှင့် တစ်ဦး (၆)ပေအကွာမှ ပြောဆိုနေထိုင် ဆက်ဆံကြရန်၊ အပြင်ထွက်ရာမှ ပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီးတိုင်းဖြစ်စေ ပါးစပ်နှင့်နှာခေါင်းစည်း( Mask )များကို အိမ်အပြင်တွင် စွန့်ပစ်ကြရန်၊ အပြင်က ပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ၊ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ် မထိတွေ့ ကြရန်၊ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှု ခံယူကြရန် " စသည်ဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ နှင့် ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းများကို နေ့စဉ် နံနက်ပိုင်းနှင့်ညနေပိုင်း အချိန်များတွင် တစ်ရက်လျှင် နှစ်ကြိမ်ဖြင့် အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် အချက်များကို တိကျစွာ လိုက်နာခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီက အသိပေး နှိုးဆော်ထားကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်