ဇေယျာသီရိမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေး

နေပြည်တော်    ဩဂုတ်  ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်းရှိ Super Market ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှ စတင်ကာကျည်တောင်ကျေးရွာရှိ ပေါင်းလောင်း တိုက်နယ်ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေယံအောင်နှင့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် လာရောက် စစ်ဆေးသူ စုစုပေါင်း(၆၆)ဦးအား နှာခေါင်းတို့ပတ်နမူနာယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး စစ်ဆေးပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။                                                                            

ဇေယျာသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ လျှင်မြန်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပေါင်းလောင်းတိုက်နယ်ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးခြင်းများဆောင်ရွက်တာဖြစ်ပြီး ဩဂုတ်လ ၂၈ရက်နေ့မှ  ၂၉ ရက်နေ့အထိ အဆိုပါ ဆေးရုံသို့ Super Market ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ လာရောက်စစ်ဆေးနိုင်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေယံအောင်၏ ပြောပြချက်အရ သိရှိရသည်။

ဦးအေးလင်းထွန်း