တကူတိုက်နယ်ဆေးရုံ၌ ကိုဗစ်လူနာသစ်(၉)ဦး ထပ်တိုးပြီး (၁၅)ဦးဆေးရုံမှ ဆင်းခွင့်ရ

တနင်္သာရီ ဩဂုတ် ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ တကူ(စံပြ)တိုက်နယ်ဆေးရုံ ဖျားနာဆေးခန်းသို့ ‌ဖျားခြင်း၊ နှာစေးခြင်း၊ အနံ့ပျောက်ခြင်းတို့ဖြင့် လာရောက်ပြသသည့် ပြင်ပလူနာ(၁၁)ဦးအား တာဝန်ခံဆရာဝန် ဒေါက်တာ ဖြိုးမြင့်ကြည်၏ ကြီးကြပ်မှုဖြင့် ဓာတ်ခွဲကျွမ်းကျင်(၄) ဒေါ်ဆုလဲ့မွန်က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု ရှိ/မရှိ Covid-19 Antigen test kit ဖြင့် စစ်ဆေးပေးရာ တကူကျေးရွာအုပ်စု-သံတိုက်ရွာမှ (၈)ဦးနှင့် ပြည်အေးရွာမှ (၁)ဦး ပေါင်း(၉)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိရသဖြင့် ဇီဝိတဒါနသံဃာ့ဆေးရုံနှင့် အလက(ခွဲ) သံတိုက်ကျောင်း Positive Centre တို့အတွင်း ကျန်းမာရေး စောင့်ကြပ်၍ စနစ်တကျ ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရှိရသည်။   

အဆိုပါ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့သော မိသားစုဝင်များအား ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ၎င်းတို့၏ နေအိမ်များကို Lock Down ချထား၍ ကျန်းမာရေး စောင့်ကြပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ သံဃာ့ဆေးရုံ Positive Centre နှင့် အလက(ခွဲ)သံတိုက် Positive Centre တို့တွင် ဆေးဝါး ကုသမှုခံယူနေကြသည့် ကိုဗစ်ရောဂါ လူနာများအနက် (၁၅)ဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန် သက်သာလာသဖြင့် တာဝန်ခံဆရာဝန်က ဆေးရုံမှ ဆင်းခွင့်ပြုပြီး ၎င်းတို့၏ နေအိမ်အသီးသီးတွင် (၇)ရက်တိတိ အသွားအလာကန့်သတ်၍ Home Quarantine အဖြစ် သီးခြားနေထိုင်ကြရန် အသိပေး မှာကြားပေးကြောင်း သိရှိရသည်။

သို့ပါ၍ ဩဂုတ်လ(၂၈)ရက်နေ့ ယနေ့အထိ တကူ(စံပြ)တိုက်နယ်ဆေးရုံက ဆေးဝါးကုသ ပေးလျက်ရှိ သည့် ဆေးရုံသီးသန့်လူနာဆောင်၊ ဇီဝိတဒါနသံဃာ့ဆေးရုံ Positive Centre၊ အလက(ခွဲ)သံတိုက် Positive Centre နှင့် အထက(ခွဲ)သာရဘွင် Positive Centre တို့အတွင်း ဆေးဝါးကုသမှုခံယူဆဲ ကိုဗစ်-၁၉ ရောဂါ လူနာပေါင်း(၉၇)ဦးအထိ ရှိနေကြောင်း သိရှိရသည်။

တကူ(စံပြ)တိုက်နယ်ဆေးရုံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးအတွက် (PPE)ဝတ်စုံပစ္စည်းများနှင့် ကာကွယ်ရေးသုံး အထောက်အကူပြုပစ္စည်းများ ဘက်စုံဝယ်ယူအသုံးပြုနိုင် ရန် အလှူငွေနှင့် လူနာများအား ဖြည့်စွက်အစာများ လှူဒါန်းကျွေးမွေးလိုပါက 09-764298345/ 09-678015273 သို့ ကြိုတင်ဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်း၊ အလားတူအနံ့မရခြင်း၊ နေမကောင်း ဖြစ်ခြင်း၊ နာစေးချောင်းဆိုးခြင်း၊ ခရီးသွားရာဇဝင်ရှိပြီး နေမကောင်းဖြစ်သူများက နီးစပ်ရာပြင်ပ ဆေးခန်းများ၌ ပြသခြင်းမပြုဘဲ ဆေးရုံအခမဲ့ဖျားနာ ဆေးခန်းသို့ ဆက်သွယ်ပြသနိုင်ပါကြောင်း တာဝန်ခံဆရာဝန် ဒေါက်တာ ဖြိုးမြင့်ကြည်က မေတ္တာရပ်ခံပန်ကြားထားကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း