ကျောက်ပန်းတောင်း ဩဂုတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စိတ်တူကိုယ်တူ ပရဟိတလူငယ်များ စုပေါင်း၍ အလှူခံရရှိသည့်ငွေများဖြင့် ကျေးရွာနှင့်ရပ်ကွက်များရှိ အိမ်ထောင်စု(၂၂၀၀)ကျော်အတွက်၊ တတိယ အကြိမ်မြောက် မီးဖိုချောင်သုံးဆန်နှင့်စားရိက္ခာများလှူဒါန်းခြင်းကို၊ ယမန်နေ့ မွန်းလွဲ(၂)နာရီက၊ တမ္ပဝတီရပ်ကွက်ရှိ တမ္ပဝတီဈေးသစ်ကြီးတွင် ပြုလုပ်ခဲ့ကြသည်။
အဆိုပါ လူငယ်များ၏ ပြည်သူမှပြည်သူသို့ အစီအစဉ်ဖြင့်လှူဒါန်းမှုတွင် ရပ်နီးရပ်ဝေးမှ အလှူခံ ရရှိသည့်ငွေများဖြင့် မီးဖိုချောင်သုံး ကုန်စိမ်းသီးနှံများကို၊ ရှမ်းပြည်နယ် ပင်းတယ/ ရွာငံမြို့နယ်များသို့ သွားရောက် ဝယ်ယူကြခြင်းဖြစ်ကြောင်း သိရသည်။“ကုန်စိမ်းကတော့ အရင်အခေါက်တွေလို အမယ်စုံ ပါပဲ…ဒါပေမဲ့ ဒီတစ်ခေါက်က ရွာငံမြို့နယ်က ဓနုတိုင်းရင်းသား ပရဟိတအဖွဲ့တွေက လှူလိုက်တာ များပါတယ်။ ကျွန်တော်တို့က ပန်းဂေါ်ဖီလောက်ပဲ ဝယ်ခဲ့ရတယ်။ ဒီအခေါက်က ကျေးရွာ (၁၆)ရွာအတွက် က ဘိနပ်အရံ(၃၀၀) ပါမယ်၊ဆန်ပါမယ်ဗျာ…ဒီတစ်ခါ မြို့ပေါ်ရပ်ကွက်တွေကို ဆန်မဝေတော့ဘူး… ကုန်စိမ်းပဲဝေသွားမှာပါ၊တန်ဘိုးအနေနဲ့ကတော့ တွဲကားတစ်စီးစာ သိန်း(၃၅)ဘိုးပါ၊ ဆန်တန်ဘိုးက (၂၀)သိန်းဆိုတော့ ဒီတစ်ခေါက်လည်း စုစုပေါင်း(၅၅)သိန်းဘိုးလောက် လှူနိုင်တာပါပဲ…” ဟု ပရဟိတအဖွဲ့ဝင် ကိုတင်ကို (မြတေးသံသွင်း) ကပြောပြပါသည်။ ယခုတတိယအကြိမ်တွင် ရွှေဖယုံသီး၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ဂေါ်ရခါးသီး အစရှိသည့် သီးနှံများ(တန်ဘိုးငွေ သိန်း ၂၀ ဘိုးခန့်)ကို ရွာငံမြို့နယ်၊ နမ့်ခုံးကျေးရွာ မှ ဓနုတိုင်းရင်းသား ပရဟိတအဖွဲ့မှ လှူဒါန်းလိုက်ခြင်းဖြစ်ကြောင်းသိရပြီး၊ ကုန်စိမ်းအနေဖြင့် တွဲကားတစ်စီးစာနှင့် မြို့ပေါ်သီးခြားအလှူရှင်များမှ ဆန်အိမ်များ သိန်း(၂၀)ဘိုး အပါ ကို၊ ကျေးရွာ(၁၆)ရွာမှ အိမ်ခြေ(၁၀၀၀)ကျော်နှင့် မြို့ပေါ်(၈)ရပ်ကွက်မှ အိမ်ခြေ(၁၂၀၀)ကျော် စုစုပေါင်းအိမ်ခြေ(၂၂၀၀)ကျော်တို့ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ပရဟိတအသင်းအဖွဲ့များ၏ စီစဉ်မှုဖြင့် ဖြန့်ဝေလှူဒါန်းခြင်းဖြစ်ကြောင်းနှင့် ခွဲဝေလှူဒါန်းသည့် နေရာသို့ အဆိုပါ ပရဟိတ အသင်းများက ကားများဖြင့်လာရောက်သယ်ယူကြခြင်းဖြစ်သည်။
ပရဟိတလူငယ်များအနေဖြင့် မြို့ပေါ်နှင့် ရပ်နီး/ရပ်ဝေးမှ လှူဒါန်းကြသည့် အလှူငွေများဖြင့် မီးဖိုချောင်သုံးစားရိက္ခာများလှူဒါန်းမှုမှာ ယခု တတိယအကြိမ်မြောက်အထိ စုစုပေါင်းတန်ဘိုးငွေ ကျပ်သိန်း(၁၉၀)ခန့်ရှိကြောင်းသိရပြီး၊ ပထမအကြိမ်တွင် မြို့ပေါ်(၁၂)ရပ်ကွက်မှ အိမ်ထောင်စု (၁၈၀၀)ခန့်၊ ဒုတိယအကြိမ်တွင် မြို့ပေါ်(၆)ရပ်ကွက်နှင့်ကျေးရွာ(၁၆)ရွာမှ အိမ်ထောင်စု(၂၂၀၀)နှင့် ယခုတတိယအကြိမ်တွင် မြို့ပေါ်(၈)ရပ်ကွက်နှင့်ကျေးရွာ(၁၆)ရွာ အိမ်ထောင်စု (၂၂၀၀)ကျော် လှူဒါန်းသွားမည်ဖြစ်ရာ၊ အိမ်ထောင်စုပေါင်း (၆၂၀၀)အတွက် မီးဖိုးချောင်သုံးစားရိက္ခာများ ထောက်ပံ့လှူဒါန်းနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)