လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

လှည်းကူး သြဂုတ် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ယမန်နေ့ နံနက် ၉ နာရီက လှည်းကူး(အ-ထ-က)နှင့် မြို့မစျေး(ခန်းမ) တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ နှင့် Volunteer များက ပူးပေါင်း၍ ဆေးထိုးရန် လာရောက်သူများကို ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခြင်းနှင့် ဆေးထိုးနှံပေးခြင်းနှင့် ဆေးထိုးပြီးနောက် ဆေးနှင့်ဓာတ်မတည့် ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ချက်ချင်းအရေးပေါ်တုံ့ပြန်နိုင် ရန်အတွက် မိနစ် ၃၀ ခန့်အကြာ စောင့်ကြပ်ကြည့်ရှုပေးခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ သာသနာနွယ်ဝင် သံဃာတော်နှင့် သီလရှင်များ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များ၊ မြို့မစျေးကြီးမှ စျေးသူ၊ စျေးသားများ ပါဝင်သည့် လူဦးရေ ၂၀၀၀ ကို ထိုးနှံပေးခဲ့ခြင်းဖြစ် ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီအဖွဲ့ထံမှ သိရှိရသည်။

ကျော်ကျော်