နောင်ချို ဩဂုတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ် ကျန်းမာရေးဝန်ထမ်းများနှင့်ပရဟိတအသင်းများ သို့ ကျောက်မဲခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက အလှူငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်မဲခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က သာမန်လူများမလုပ်နိုင်သော အလုပ်များကို လုပ်ဆောင် နေကြသော ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များအား ဂုဏ်ပြုသည့်အနေဖြင့် အလှူငွေများ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဒီထက်မကသော ဂုဏ်ပြုမှုများကိုလည်း ဆောင်ရွက် ပေးသွားရန် အစီအစဉ်ရှိပါကြောင်း၊ မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှလည်း ပိုမိုကောင်းမွန်သော အစီအမံများဖြင့် ပိုးတွေ့နှုန်း ကျဆင်းစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လိုအပ်ချက်ရှိပါက အထက်အဆင့်ဆင့်သို့ တင်ပြစေလိုကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် ခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး ဒေါက်တာကျော်မိုးထွန်းက ကိုဗစ်ကာကွယ်ဆေးသည် ပိုးကိုသတ်သည့်ဆေးမဟုတ် ၊ ပွားတာကိုတားသည့်ဆေးဖြစ်ကြောင်း၊ ကိုဗစ်သည်တုပ်ကွေးဖြစ်သလို ၊တုပ်ကွေးသည်လည်း ကိုဗစ်ဖြစ်ကြောင်း၊ ပေါ့ဆ၍မနေသင့်ကြောင်း၊ ကာကွယ်ဆေးထိုးခြင်းသည် အရေးကြီးသကဲ့သို့ ကာကွယ်ဆေးထိုးသည့်အခါ ကူးစက်မှုမရှိစေရေး ၆ ပေ အကွာမှ ထိုးရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီးနောက် နောင်ချိုမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်တိုးက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကျေးရွာများ၌ပါ လော့ဒေါင်း ဆောင်ရွက်ထားရှိမှုများကို တင်ပြခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ မှ နောင်ချိုမြို့ ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေကျပ်ငါးသိန်း၊ ပရဟိတ အဖွဲ့များအတွက် အလှူငွေကျပ်ငါးသိန်းတို့ကို ပေးအပ်ခဲ့ရာ ကျန်းမာရေးဌာနမှ မြို့နယ်ဆရာဝန်ကြီးနှင့်ပရဟိတအဖွဲ့များမှ တာဝန်ရှိသူတို့က အလှူငွေများ လက်ခံရယူခဲ့ကြောင်း သိရသည်။
ထွေးငယ်၊(ပြန်/ဆက်)