ပျော်ဘွယ် ဩဂုတ် ၂၈
ပျော်ဘွယ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပါဝင်သည့်ပူးပေါင်းအဖွဲ့များမှ Stay at Home ကာလအတွင်း သတ်မှတ်ထားသည့်စည်းကမ်း ချက်များနှင့်အညီ သွားလာနေထိုင်မှုမရှိသူများအား စစ်ဆေးအရေးယူခြင်းနှင့် အသိပညာပေးခြင်းတို့ကို စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းပြည့်အောင် ဦးဆောင်သည့်အဖွဲ့သည် ယနေ့ နံနက်(၈)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုလျှော့ချနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားရှိရာ သတ်မှတ်ကာလအတွင်း ပြည်သူများအနေဖြင့် မိမိအိမ်တွင်သာနေထိုင်ရေး၊ တစ်အိမ်လျှင်တစ်ဦးသာ ပြင်ပထွက်ခွာရေး၊ ဆေးရုံဆေးခန်းသွားလိုပါက နှစ်ဦးသာသွားရောက်ရေး၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများစနစ်တကျတပ်ဆင်ရေး စသည့်အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ပျော်ဘွယ်မြို့နယ်အနေဖြင့် မွန်းလွဲ(၁)နာရီမှ ညနေ(၄)နာရီအထိ မိမိနေအိမ်တွင်း၌သာ နေထိုင်သွားရန် သတ်မှတ်ထားပြီး နိုင်ငံ့ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းကတ်(သို့မဟုတ်)အထက်အရာရှိ၏ထောက်ခံချက်ဖြင့် သွားလာ နိုင်ရေးတို့ကို အသိပညာပေးလျက်ရှိကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)