ကော့သောင်း ဩဂုတ် ၂၈
ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ထိရောက်စွာလျှော့ချနိုင်ရေးအတွက် ယနေ့နံနက် ၆ နာရီမှစ၍ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအပြင် ကျေးလက်တောရွာများအထိ လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးနှိုးဆော်ချက်တွင် နေအိမ်ပြင်ပသို့ထွက်ခွာသူများသည် မဖြစ်မနေကျန်းမာရေး ကိစ္စဖြင့် သွားလာသူများ ဖြစ်ရမည်ဖြစ်ကြောင်း၊ အလုပ်သွားအလုပ်ပြန်သူများသည် ကျိုးကြောင်း ခိုင်လုံစွာ ပြောပြနိုင်ရမည်ဖြစ်ကြောင်း၊ မော်တော်ဆိုင်ကယ်ဖြင့် သွားလာသူများအား (၁)ဦးသာလျှင် ခွင့်ပြုမည် ဖြစ်ပြီး(၁)ဦးထက် ပိုမစီးရမည်ဖြစ်ကြောင်း၊ ဆိုင်ကယ် Taxi (၂)ဦးနှင့် ဘေးတွဲဆိုင်ကယ် တွင် (၃)ဦး သာ ခွင့်ပြုမည်ဖြစ်ကြောင်း၊ အိမ်စီးမော်တော်ယာဉ်များပေါ်တွင် ကျန်းမာရေးကိစ္စမှအပ (၂)ဦးသာ ခွင့်ပြုမည်ဖြစ်ကြောင်း၊ ကျေးရွာမှ မြို့သို့လာရောက်သူများအနေဖြင့် ဖော်ပြပါ အချက်(၅)ချက်နှင့်အညီ အုပ်ချုပ်ရေးမှူး ထောက်ခံချက်ဖြင့် သာသွားလာရမည်ဖြစ်သည်။
နေအိမ်ပြင်ပသို့ထွက်ခွာမည်ဆိုပါက နေအိမ်ထွက်ခွာမည်ဆိုပါက နေအိမ်ထွက်ခွင့်ကဒ်ပြားကို တစ်ပါတည်း ကိုင်ဆောင်ရမည်ဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက (၂၄-၈-၂၀၂၁)ရက်နေ့မှစ၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ-၃၀(က)အရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ကျော်စိုး(ကော့သောင်း)