တနင်္သာရီ ဩဂုတ်လ ၂၈
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံ ဖျားနာဆေးခန်းသို့ ဖျားခြင်း၊ နှာစေးခြင်း၊ အနံ့ပျောက်ခြင်းတို့ဖြင့် လာရောက်ပြသသည့်ပြင်ပလူနာ(၁၁)ဦးအား တာဝန်ခံဆရာဝန် ဆရာဝန်၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရမှု ရှိ/မရှိ Covid-19 Antigen test kit ဖြင့် စစ်ဆေးပေးရာ တကူကျေးရွာအုပ်စု-သံတိုက်ရွာမှ (၈)ဦးနှင့် ပြည်အေးရွာမှ(၁)ဦး စုစုပေါင်း(၉)ဦးတို့တွင် ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုတွေ့ရှိရသဖြင့် ဇီဝိတဒါနသံဃာ့ဆေးရုံနှင့်အလက(ခွဲ) သံတိုက်ကျောင်း Positive Centre တို့အတွင်း ကျန်းမာရေး စောင့်ကြပ်၍ စနစ်တကျဆေးဝါးကုသပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ရောဂါပိုးတွေ့ရှိသူများနှင့်ထိစပ်သော မိသားစုဝင်များအား ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ၎င်းတို့၏နေအိမ်များကို Lock Down ချထား၍ ကျန်းမာရေးစောင့်ကြပ်ပေးသွားမည်ဖြစ်သည်။
အလားတူ သံဃာ့ဆေးရုံ Positive Centre နှင့် အလက(ခွဲ)သံတိုက် Positive Centre တို့တွင် ဆေးဝါးကုသမှုခံယူနေကြသည့် ကိုဗစ်ရောဂါလူနာများအနက် (၁၅)ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် တာဝန်ခံဆရာဝန်က ဆေးရုံမှဆင်းခွင့်ပြုပြီး ၎င်းတို့၏ နေအိမ်အသီးသီးတွင် (၇)ရက်တိတိ အသွားအလာကန့်သတ်၍ Home Quarantine အဖြစ် သီးခြားနေထိုင်ကြရန် အသိပေးမှာကြားခဲ့သည်။
ဩဂုတ်လ(၂၈)ရက်နေ့အထိ တကူ(စံပြ)တိုက်နယ်ဆေးရုံက ဆေးဝါး ကုသပေးလျက်ရှိသည့် ဆေးရုံသီးသန့်လူနာဆောင်၊ ဇီဝိတဒါနသံဃာ့ဆေးရုံ Positive Centre ၊ အလက(ခွဲ)သံတိုက် Positive Centre နှင့် အထက(ခွဲ)သာရဘွင် Positive Centre တို့အတွင်း ဆေးဝါးကုသမှုခံယူဆဲ ကိုဗစ်-၁၉ ရောဂါ လူနာပေါင်း(၉၇)ဦး ရှိကြောင်း သိရသည်။
တကူ(စံပြ)တိုက်နယ်ဆေးရုံအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးအတွက် (PPE) ဝတ်စုံပစ္စည်းများနှင့်ကာကွယ်ရေးသုံး အထောက်အကူပြုပစ္စည်းများ ဘက်စုံဝယ်ယူအသုံးပြုနိုင်ရန် အလှူငွေနှင့် လူနာများအား ဖြည့်စွက်အစာများ လှူဒါန်းကျွေးမွေးလိုပါက Ph;09764298345 / 09:678015273 သို့ကြိုတင်ဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်း၊ အလားတူ အနံ့မရခြင်း၊ နေမကောင်းဖြစ်ခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ ခရီးသွားရာဇဝင်ရှိပြီး နေမကောင်းဖြစ်သူများက နီးစပ်ရာပြင်ပဆေးခန်းများ၌ ပြသခြင်းမပြုဘဲ ဆေးရုံအခမဲ့ဖျားနာဆေးခန်းသို့ ဆက်သွယ်ပြသနိုင်ပါကြောင်း တာဝန်ခံဆရာဝန်၏ ပြောကြားချက်အရ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)