မြိတ် ဩဂုတ် ၂၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ပေါ်ရှိ ဈေးများတွင် ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား ကိုဗစ် ရောဂါ ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များ စနစ်တကျလိုက်နာဆောင်ရွက်ကြရန်အတွက် ဈေးဆိုင်များ ကြပ်မတ်စစ်ဆေးရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် အော်လံဖြင့် အသိပေး အကြောင်းကြား၍ စစ်ဆေးကြပ်မတ် ခြင်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ဈေးတွေမှာ ဈေးရောင်းချသူတွေကို ကိုဗစ်ရောဂါ ကာကွယ်ဖို့ နှာခေါင်းစည်းတပ်ဆင်ပြီး လက်အိတ် ဝတ်ရမယ်။ သတ်မှတ်ထားတဲ့ ကုန်ပစ္စည်းတွေကိုသာ ရောင်းချရပါမယ်ဆိုပြီး မနက်ပိုင်းတွေမှာ ကွင်းဆင်းပြီး အော်လံနဲ့ အကြောင်းကြားပါတယ်။ ဈေးဝယ်သူတွေ ပြင်ပထွက်ခွာခွင့်ကဒ်ပြားရှိမရှိ ဈေးရောင်းချသူတွေ သတ်မှတ် စည်းကမ်းချက်တွေ လိုက်နာမှုရှိမရှိ စိစစ်လျက်ရှိပါတယ်။ လိုက်နာဆောင်ရွက်မှု မရှိတဲ့သူတွေကို (၂၁)ရက် ပိတ်သိမ်းပြီး အရေးယူဆောင်ရွက်ဖို့နဲ့ နှာခေါင်းစည်းမတပ်ဘဲ သွားလာသူတွေကို အရေးယူမှုတွေ ဆောင်ရွက် နေပါတယ်” ဟု မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကြည်စိုး က ပြောသည်။
ဈေးများတွင် သတ်မှတ်စည်းကမ်းချက်များကို လိုက်နာမှုမရှိသည့် ဈေးရောင်းသူများကို (၂၁)ရက် ဆိုင် ရောင်းချခွင့် ပိတ်သိမ်းသွားမည်ဖြစ်ပြီး နှာခေါင်းစည်း မတပ်ဆင်သည့် ဈေးဝယ်သူများကို ပထမအကြိမ် ဒဏ်ငွေ ဖြင့် အရေးယူသွားမည်ဖြစ်ကာ ဒုတိယအကြိမ်တွင် သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ထို့အတူ ကျန်းမာရေးမကောင်းသူများနှင့် ပြင်ပထွက်ခွာခွင့် ထွက်ခွင့်ကတ်ပြားမရှိသူများအား ဈေးအတွင်း ဝင်ရောက်ခွင့်မပြုကြောင်း၊ ပြင်ပထွက်ခွာခွင့်ထွက်ခွင့်ကတ်ပြားမရှိဘဲ ဈေးအတွင်းဝင်ရောက်လာ ပါကပထမအကြိမ်သတိပေးပြီး ဒုတိယအကြိမ်တွင် သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
မြိတ်မြို့နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေး(၆)ဈေးနှင့် ပျံကျဈေး(၈)ဈေးရှိပြီ ဈေးများတွင် အခြေခံ စားသောက်ကုန်များကို ပုံမှန်အတိုင်း ရောင်းချလျက်ရှိကြကြောင်း၊ Stay at Home ကာလအတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးသူဈေးသားများအား ၎င်းတို့နေအိမ်မှ ဈေးအသွားအပြန် ဆောင်ရွက်ရန်နှင့် ဈေးရောင်းချနိုင်ရန် ဈေးရောင်းချခွင့်စိစစ်ရေး ကတ်ပြား(၅၀၀၀)ကျော်ကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း စည်ပင် သာယာရေးအဖွဲ့မှ သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)