တနင်္သာရီ ဩဂုတ်လ ၂၈
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် တကူကျေးရွာအုပ်စု၊ သာရဘွင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲများသို့ ကျေးရွာနေ မိဘပြည်သူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများကို သိရှိလိုက်နာ နေထိုင်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်ပြီး ကော်မတီဝင်များက အဖွဲ့(၂)ဖွဲ့ခွဲ၍ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအား လှည့်လည်ကာ အသိပေးနှိုးဆော်ကြောညာပေးလျက်ရှိကြောင်း သိရှိရသည်။
ယင်းသို့ အသိပေးကြေညာရာတွင် ဆရာဦးမြတ်ကျော်နှင့် သားဖွားဆရာမ ဒေါ်လင်းဇာဖြိုးတို့ အဖွဲ့က တကူကျေးရွာအုပ်စု၊ တိုက်ကမ်းကျေးရွာဘက်ခြမ်းရှိ မြရာချောင်းကျေးရွာမှစ၍ ကိုးအင်းကျေးရွာအထိ ကျေးရွာလမ်းအတိုင်း မော်တော်ဆိုင်ကယ်ဖြင့်လည်းကောင်း၊ ဆရာ ဦးထက်ရှင်းသန့်နှင့် အဖွဲ့က သာရဘွင်ကျေးရွာအုပ်စု၊ သာရဘွင်ရွာမှ တကူကျေးရွာအုပ်စု ဝမ်းနာကျေးရွာအထိလည်းကောင်း ကျေးရွာလမ်းများအတိုင်း မော်တော်ယာဉ်ဖြင့်လှည့်လည် ၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါ မိမိကစ၍ကာကွယ်ပါ ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို လက်ကိုင်အသံချဲ့စက်ဖြင့် နှိုးဆော်ကြေညာပေးခြင်းဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းပါ ကြေညာချက်များဖြစ်သည့် ဖြစ်နိုင်ပါက အိမ်အတွင်း ၌သာနေထိုင်ပါ။ မလိုအပ်ဘဲအပြင်မထွက်ပါနှင့်။ မဖြစ်မနေအိမ်အပြင်ထွက်မည်ဆိုပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်ပါ။ အိမ်တွင်ဧည့်သည် လက်ခံခြင်း လုံးဝမပြုပါနှင့် မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ်သွားရောက်ခြင်း လုံးဝမပြုပါနှင့်။ မိမိအိမ်တွင် အသက်(၆၅)နှစ် အထက်အသက်အရွယ်ကြီးရင့်သူ(သို့) ဆီးချို၊ သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါ တစ်ခုခုခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ထားပေးပါ။ လေဝင်လေထွက်ကောင်းသည့် နေရာမှာနေစေပါ။ လက်ကိုစနစ်တကျဆေးကြောပါ၊ အခြားသူများနှင့် (၆)ပေကွာ ခပ်ခွာခွာနေထိုင်ပါ။ လေဝင်လေထွက်မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကျဉ်ပါ။ လူစုလူဝေးရှောင်ကျဉ်ပါ။ ဖြစ်နိုင်ပါက တစ်ပတ်လျှင် တစ်ကြိမ်သာဈေးဝယ်ယူပါ။ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ထားခြင်း မရှိသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ပါနှင့်။ အပြင်ထွက်လာပါက အိမ်ပြန်သောအခါတွင် အိမ်သို့ရောဂါပိုးများ သယ်ဆောင်လာခြင်းမရှိစေရန် သတိပြုပါ။ အသုံးပြုပြီးသော (Mask)နှင့် တစ်ခါသုံးပစ္စည်းများကို နေအိမ်အပြင် တွင်စနစ်တကျစွန့်ပစ်ပါ။ အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့်အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကျဉ်ပါ အစရှိသည့် အချက်များအား အသိပေးနှိုးဆော် ပေးခဲ့ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)