မြဝတီ ဩဂုတ်၂၈
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၁၀)အချိန်က မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြဝတီမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးသွားမည့် လုပ်ငန်းများနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတစ်ဝှမ်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြဝတီမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားသည့် အသက် (၁၈)နှစ်အထက် ဩဂုတ်လ (၂)ရက်နေ့မှ (၈)ရက်နေ့အထိ၊ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံထားသူများအား ဩဂုတ်လ (၃၀)ရက်နေ့မှ စတင်၍ သတ်မှတ်ထားသည့်နေရာများတွင် ဒုတိယအကြိမ် ထိုးနှံနိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး နှိုးဆော်ဆောင်ရွက်ရန်ကိုလည်း ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ ကိုဗစ်-၁၉ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။