မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ပထမအသုတ် စတင်ထိုးနှံ

မိုင်းပျဉ်း ဩဂုတ် ၂၈ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ပထမအသုတ် ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲက မြို့လယ်ဓမ္မာရုံတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

မိုင်းပျဉ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ် (၂၄၀၀)ဦး ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ်ထိုးနှံပေးရမည့်သူ (၂၄၀၀)ဦး ရှိသည့်အနက် ပထမအသုတ် အနေဖြင့် ဆေးအလုံးရေ (၈၀၀)ရရှိပြီး ဆေးတစ်လုံးလှျင် တစ်ဉီးနှုန်းဖြင့် ယနေ့တွင် ဉီးစားပေးအုပ်စုအလိုက် ထိုးနှံပေးသွားမည်ဖြစ်ရာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန် အနေအထား ရှိမှသာ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ဦးစားပေး အုပ်စုအလိုက် စနစ်တကျထိုးနှံပေးနေမှုကို တပ်မတော်မှ ဗိုလ်မှူးကြီးကျော်ဇော၊ ဒုတိယဗိုလ်မှူးကြီး စောဝင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဝင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းစိုးဟိန်းနှင့် တာဝန်ရှိသူတို့က လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ယဉ်ဝင်း