လားရှိုးမြို့၌ ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် ဦးရေ(၂)ထောင်ကျော်ထိုးပေးမည်

လားရှိုး  ဩဂုတ် ၂၈

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့အနေဖြင့် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို(၂၃၃၄)လုံး ခွဲတမ်းရရှိခဲ့ပြီး ဩဂုတ်လဆန်း(၁)ရက်နေ့ကစင်ကာ ပထမအကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်သည်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ၌ ဘုန်းကြီးကျောင်းများ အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ၊ အစိုးရဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ၊ ဘဏ်ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်များ၊ပုဂ္ဂလိကပို့ဆောင်ရေး၊ စူပါမားကတ်များ ပါဝင်ခဲ့သည်။

ကိုဗစ်ကာကွယ်ဆေးထိုးရာ၌ သတ်မှတ်ထားသောနေရာများဖြစ်သည့် ပထမအကြိမ်ထိုးနှံခဲ့ကြသော လားရှိုးပြည်သူ့ဆေးရုံကြီးကုတင်(၅၀၀)၊ အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၇)ရပ်ကွက်ရှိ ရွှေကြယ်ခန်းမ၊ အမှတ်(၁၂)ရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၀)ရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ဩဂုတ်လ(၂၉)ရက်နှင့် (၃၀)ရက်တို့တွင်ထိုးနှံပေးသွားမည်ဖြစ်သည်။

မိုဘိုင်းစနစ်ဖြင့် လားရှိုးမြို့ဆင်းရွှေလီ ဘိုးဘွားရိပ်သာနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်အား ကျန်းမာရေးဦးစီးဌာနက ထိုးနှံပေးနေမှုများအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ လားရှိုးခရိုင် ကိုဗစ်(၁၉)ကာကွယ် ထိန်းချုပ်ကုသရေး ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ လားရှိုးမြို့နယ် ကိုဗစ်(၁၉)ကာကွယ်ထိန်းချုပ်ကုသရေး ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ ကြကြောင်း သိရသည်။

လားရှိုးမြို့နယ်အနေဖြင့် ဩဂုတ်လ(၂၆)ရက်နေ့အထိ ပိုးတွေ့ရှိရသူစုစုပေါင်း(၂၅၁၇)ဦး ရှိခဲ့ပြီးဆေးရုံဆင်းသွားသူ (၂၁၀၆)ဦး ရှိကာဩဂုတ်လ(၂၇)ရက်နေ့က RDTဖြင့်စစ်ဆေးခဲ့ရာလားရှိုးမြို့ အေတီတပ်ဦးကျောင်းတိုက်မှ သံဃာတော် (၆၀)ပါးနှင့် သာသနဟိတကာရီသီလရှင်စာသင်တိုက်မှ သီလရှင်(၅၀)ပါးတို့ ကိုဗစ်(၁၉)အတည်ပြုပိုးတွေ့ရှိခဲ့ပြီး လားရှိုးပညာရေးကောလိပ် စောင့်ကြည့် ကုသစင်တာတွင် ပို့ဆောင်ကုသပေးလျက်ရှိနေကာ လားရှိုးမြို့မဘုန်းတော်ကြီးကျောင်းတိုက်တွင်လည်း RDTဖြင့် ကိုဗစ်ပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ၌ ပိုးတွေ့ရှိမှုမရှိကြောင်းလည်းသိရှိရသည်။

ဟန်ဌေး