ကော့ကရိတ် ဩဂုတ် ၂၈
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ အသက် (၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီအချိန်က ဆေးထိုးစုရပ် (၁၀) နေရာခွဲ၍ တစ်ပြိုင်နက်တည်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး၏ ကြီးကြပ်မှုနှင့်အတူ ခရိုင်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ တင်ထွန်းဇော် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ဆရာတော်၊ သံဃာတော်များ၊ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်စေပြီးနောက် ပုံမှန်အနေအထားရောက်မှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး၊ ဆေးထိုးနှံပြီး သည့်သူများကိုလည်း မိနစ်၃၀ခန့် အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။အဆိုပါ ကာကွယ်ဆေးထိုးနှံရာ စုရပ်များမှာ အမက (၁) ကျောင်း၊ ဇိနသုခဘုရား သာသနာ့ဗိမာန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၊ မြို့မရဲစခန်း အချုပ်ထောင်၊ အထက (နဘူး) ကျောင်း၊ ကျုံဒိုးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကော့ဘိန်းဆေးရုံ၊ ကော့ဂိုးဓမ္မာရုံ၊ အထက (ခွဲ) ကျုံဘိုင်းနှင့် လန်ခိုဘိုင်းဓမ္မာရုံစသည့် ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးများကို ဒုတိယအကြိမ် ထိုးနှံပေး လျက်ရှိသည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ် (၁၀)နေရာ၌ ဇူလိုင် ၃၁ ရက်နေ့ သြဂုတ် ၉ ရက်နေ့အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများ စုစုပေါင်း (၉၀၀၀)ဦးတို့အား ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ ကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန် / ဆက်)