ကျောက်ဆည် ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုအခြေအနေနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုများ အခြေအနေများအား ယနေ့နံနက်၁၀နာရီက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ကျောက်ဆည်မြို့နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု အခြေအနေများနဲ့ ပတ်သတ်ပြီး ရှင်းပြပေးစေလိုပါတယ်။
ဖြေ။ ။ကျောက်ဆည်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၆၂၄)ဦး ရှိပြီးပိုးတွေ့လူနာတွေကို ကျောက်ဆည်မြို့ ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးနဲ့ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဦးစီးဖွင့်လှစ်ထားတဲ့ Positive Centre တို့မှာ ကုသမှုတွေဆောင်ရွက်ခဲ့ပါတယ်။ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိပြီး ရောဂါသက်သာ ပျောက်ကင်းလို့ ဆေးရုံကဆင်းခွင့်ရရှိသူ(၅၀၄)ဦး ရှိပြီးဖြစ်ပါတယ်။ သေဆုံးမှုအနေနဲ့တော့ (၉၂)ဦးသေဆုံးခဲ့ပြီး ဆေးရုံနဲ့ Positive Centre မှာ ကျန်ရရှိမှုအနေနဲ့တော့ စုစုပေါင်း(၂၈)ဦး ကျန်ရှိပါတယ်။
မေး။ ။မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအနေနဲ့ ကိုဗစ်-၁၉ရောဂါနဲ့ပတ်သတ်လို့ ကာကွယ်ထိန်းချုပ်ကုသရေး စီမံဆောင်ရွက်ရှိမှုအခြေအနေ များကို ရှင်းပြပေးစေလိုပါတယ်။
ဖြေ။ ။မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေနဲ့ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူတွေအတွက် Positive Centre မြို့တော်ခန်းမနဲ့ သီရိသာသနာ့ဗိမာန်မှာ (၂)ခု ဖွင့်လှစ်ထားရှိပါတယ်။ နောက်ပြီး ရပ်ကွက်၊ကျေးရွာတွေအလိုက် တစ်နေ့ကို(၂)ကြိမ် ကိုဗစ်-၁၉ရောဂါနဲ့ ပတ်သတ်ပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားတဲ့ ဆောင်ရန်၊ရှောင်ရန်အချက်တွေ၊ အသိပညာပေးတာတွေ နှိုးဆော်ဆောင်ရွက်ပေး လျက်ရှိပါတယ်။ မြို့တွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်တဲ့ ပြည်သူတွေ Mask စနစ်တကျတပ်ရေး အသိပညာပေးလုပ်ငန်းတွေ အဖွဲ့(၂)ဖွဲ့ခွဲပြီး စစ်ဆေးမှုတွေ ဆောင်ရွက်ပြီး တော့ Mask တပ်ဆင်မှုမရှိသူတွေကို Mask (၂)ခုပေးပြီး ဒဏ်ငွေ(၅၀၀) ရိုက်တဲ့စနစ်နဲ့ ဆောင်ရွက်နေပါတယ်။အခုအချိန်မှာတော့ Mask မတပ်သူ မရှိသလောက်နည်းပါး သွားတာတွေ တွေ့ရှိရပါတယ်။ကျောက်ဆည်မြို့နယ်အနေနဲ့ ရောဂါပိုးတွေ့ရှိမှုနဲ့ သေဆုံးမှုတွေအပေါ် မူတည်ပြီး Stay Home သတ်မှတ်ထားခြင်းတော့ မရှိသေးပါဘူး သို့သော်လည်း မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ လူစုလူဝေး ရှောင်ရှားဖို့ကိုတော့ ရပ်ကွက်အလိုက်၊ကျေးရွာအလိုက် အသိပညာပေး လှည့်လည်ကြေညာတာတွေကိုတော့ နေ့စဉ် ဆောင်ရွက်လျက် ရှိပါတယ်။
မေး။ ။ကိုဗစ်-၁၉ရောဂါနဲ့ပတ်သတ်လို့ ဘယ်လို ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်နေတယ်ဆိုတာ ရှင်းပြပေးစေလိုပါတယ်။
ဖြေ။ ။ကျွန်တော်တို့အနေနဲ့ ကျောက်ဆည်မြို့နယ်အတွင်း လာမယ့်ခရီးသည်တွေကို အောက်ဆီဂျင် တိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်းတွေပြုလုပ်ပြီး အပူချိန်လည်းမြင့်နေတယ် အောက်ဆီဂျင် လည်း ကျနေတယ်ဆိုရင် Test Kit နဲ့ စစ်ဖို့ဆောင်ရွက်ထားပါတယ်၊ တကယ်လို့ Test Kit နဲ့စစ်လို့ Positive တွေ့ပြီဆိုရင်တော့ Positive Centre ကို လည်းကောင်း၊ အထွထွေရောဂါကု ပြည်သူ့ ဆေးရုံကြီးကိုလည်းကောင်း အချိန်နှင့်တစ်ပြေးညီပို့နိုင်ဖို့ လူနာတင်ယာဉ်တစ်စီး စီစဉ် ထားရှိထားပါတယ်။ ကုန်တင်ယာဉ်တွေ၊ ယာဉ်နောက်လိုက်တွေ ခရီးသည်တွေ၊ ကာကွယ်ဆေးတွေ ထိုးပေးပြီးဖြစ်သလို လိုအပ်တဲ့ Mask တို့ လက်ဆေးရည်တို့ စသည်ဖြင့် ဖြန့်ဝေပေးပြီး ဖြစ်ပါတယ်။ ဈေးအဝင်ပေါက်တွေမှာ ခပ်ခွာခွာ ဝင်ရောက်ကြဖို့ Mask မပါသူတွေ Mask စနစ်တကျတပ်ရေး နောက်ပြီး လက်ဆေးရေစင်တွေထားရှိပြီး လက်ဆေးပြီးမှ ဈေးအတွင်းသို့ ဝင်ရောက်စေခြင်းတွေလည်း စီစဉ်ဆောင်ရွက် ထားပါတယ်။
မေး။ ။ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများနဲ့ ပတ်သတ်လို့ ဆောင်ရွက်နေတာလည်း ရှင်းပြပေးစေလိုပါတယ်။
ဖြေ။ ။ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဦးစားပေးအုပ်စုအလိုက် အသက်(၆၅)နှစ်၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းတွေ၊ Positive Center တွေမှာ ကူညီ စောင့်ရှောက်ပေးတဲ့ ပရဟိတသမားတွေ၊ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားတွေ၊ ဘုန်းကြီးကျောင်း သီလရှင်ကျောင်းနဲ့ ဘာသာရေးကျောင်းတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေ၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်းတွေ၊ ဟိုတယ်/မိုတယ်/ တည်းခိုခန်း နောက်ပြီး အကျဉ်းသား/အချုပ်သားတွေ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းမှာ ဆောင်ရွက်နေတဲ့သူတွေ၊ Super Market ဈေးတွေမှာ ဆောင်ရွက်နေတဲ့ဝန်ထမ်းတွေ စုစုပေါင်း ဆေးထိုးပြီးစီးမှု (၉၁၃၂)ဦး ထိုးနှံပေးပြီး ဖြစ်ပါတယ်။ ဆေးရရှိမှုအနေနဲ့ Sinopharm ဆေးအမျိုးအစား ဆေးအလုံးရေ (၄၃၆၅)လုံး ရရှိထားပါတယ်။ ဦးစာပေးအုပ်စုတွေ အကုန်လုံးကို ကာကွယ်ဆေး ထိုးနှံပြီးစီး ပြီးဖြစ်ပါတယ်။ ဦးစားပေး အုပ်စုတွေ အားလုံးထိုးနှံပေးပြီးဖြစ်လို့ ကျွန်တော်တို့ ဦးစားပေး အုပ်စုအလိုက် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုတွေကို ဆက်လက်စီမံဆောင်ရွက် ထားပါတယ်။
မေး။ ။ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သတ်ပြီး အခြားဖြည့်စွက်ပြီး ပြောစရာများရှိရင် ဖြည့်စွက်ပြောကြား ပေးစေလိုပါတယ်။
ဖြေ။ ။ဒုတိယအကြိမ်ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို အဓိကအလေးအနက်ထား ဆောင်ရွက်သွားပါ့ မယ်။ ပြီးရင် ကာကွယ်ဆေးထိုးပြီးသူများကို အချိန်နဲ့တစ်ပြေးညီ စာရင်းပြုစုခြင်းလုပ်ငန်းတွေ ဆောင်ရွက်ပါ့မယ်။ ကျောက်ဆည်မြို့နယ်အနေနဲ့ ပိုးတွေ့ရှိနှုန်းရော၊ သေဆုံးမှုနှုန်းရော သိသိ သာသာ လျော့ကျသွားတာကလည်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ နောက်တစ်ခါ ပရဟိတသမားတွေ ဝိုင်းဝန်းကြိုးပမ်း အားထုတ်မှုကြောင့် လျော့ကြသွားတာဖြစ်တဲ့အတွက် အဓိက ပရဟိတ သမားတွေကို Mask တွေ၊ PPE တွေ ချီးမြှင့်ထောက်ပံ့စရိတ်တွေ ထောက်ပံ့ပေးနိုင်ဖို့ကိုလည်း ဆောင်ရွက်နေပါတယ်။ ပြည်သူတွေအနေနဲ့ကတော့ အခုချိန်ခါမှာ ကာကွယ်ဆေးတွေလာရောက် ထိုးကြပါ။ ထို့အတူဘဲ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးတဲ့ မိဘ ပြည်သူ တွေကိုလည်း ကျောက်ဆည်မြို့ မြို့တော်ခန်းမနဲ့ ရွှေဖောင်ဒေးရှင်ခန်းမမှာ ကာကွယ် ဆေးတွေကို မနက်(၉)နာရီကနေ ညနေ(၃)နာရီ အထိ ဆက်လက်ထိုးနှံပေးသွားမှာမို့ ကာကွယ် ဆေးတွေ လာရောက်ထိုးနှံကြဖို့ ကျွန်တော်အသိပေးတိုက်တွန်းလိုပါတယ်။
တင်တင်ထွေး(ကျောက်ဆည်)