ဟားခါး ဩဂုတ် ၂၈
ချင်းပြည်နယ်အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ဟားခါးမြို့တွင် တာဝန်ထမ်းဆောင်သည့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး Sinopharm ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ ဟားခါးမြို့ ဗိုလ်တိုက်ချွန်းခန်းမနှင့် ခိုင်ကမ်းအား ကစားရုံတို့တွင် ဆေးထိုးစုရပ်နှစ်နေရာခွဲ၍ ထိုးနှံပေး ခဲ့ကြောင်း သိရသည်။
ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေကို ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များက ကြည့်ရှု့အားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကာကွယ်ဆေးထိုးနှံပေးသည့် အဖွဲ့အား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
အဆိုပါ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးတို့မှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်အထူးကု ဆရာဝန်များ၊ ဆေးမှူးများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်း၍ ထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဟားခါးမြို့ရှိ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံမှုကို သြဂုတ် ၂၈ ရက်မှစ၍ ၂၉ ရက်နေ့အထိ သတ်မှတ်ဆေးထိုးစုရပ်နေရာများတွင် ထိုးနှံပေးသွားမည်ဖြစ် ကြောင်းနှင့် ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့ရှိ နေရာ(၄)နေရာ၌ Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ စစ်ဆေးမှုဆောင်ရွက်သည့် နေရာများသို့လည်း ပြည်နယ်ဝန်ကြီးချုပ်သွားရောက်၍ Test Kit ဖြင့်စစ်ဆေးသည့်အဖွဲ့အား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
ခရိုင်( ပြန်/ဆက် )