ဒို့တပ်ကုန်းသဘာဝဘေးကူညီရေးအသင်း၏ ပြည်သူများထံသို့ လှူဒါန်းမှုအခြေအနေများကို တွေ့ဆုံမေးမြန်း

တပ်ကုန်း  ဩဂုတ် ၂၈

နေပြည်တော် တပ်ကုန်းမြို့ပေါ်ရပ်ကွက်များအတွင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စုများကို ဒို့တပ်ကုန်းသဘာဝဘေးကူညီရေးအသင်းမှ ကိုဗစ်ကာလတွင် အိမ်ထောင်စု တစ်စုလျှင် ဆန်(၆) ပြည်၊ဆီ(၅၀)သား၊ ကြက်သွန်နီ(၁)ပိဿာ၊ မာမားခေါက်ဆွဲ(၄)ထုပ်တို့ကို ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး၊ လူစုလူဝေးမဖြစ်စေရေး တစ်ဦးနှင့်တစ်ဦး သုံးပေအကွာတန်းစီ၍ နှာခေါင်းစည်း (Mask)တပ်ဆင်စေပြီးမှ ဩဂုတ်၂၃ရက်နေ့တွင် ဆရာစံရပ်ကွက်၊ အခြေခံ လူတန်းစား အိမ်ထောင်စု(၆၇၀)စု၊ ဩဂုတ် ၂၄ရက်နေ့တွင် ဗိုလ်မင်းရောင်ရပ်ကွက်၊ အခြေခံ လူတန်းစား အိမ်ထောင်စု (၅၀၈)စု၊ ဩဂုတ် ၂၅ရက်နေ့တွင် မြဝတီရပ်ကွက်၊ အခြေခံလူတန်းစား အိမ်ထောင်စု(၆၇၆)စု၊ ဩဂုတ် ၂၆ ရက်နေ့တွင် အောင်ဇေယျရပ်ကွက်၊ အခြေခံလူတန်းစား အိမ်ထောင်စု(၅၈၈)စု၊ ဩဂုတ် ၂၇ရက်နေ့တွင် ဘုရင့်နောင်ရပ်ကွက်၊ အခြေခံလူတန်းစား အိမ်ထောင်စု(၆၈၀)စု၊ ဩဂုတ် ၂၈ရက်နေ့တွင် အနော်ရထာရပ်ကွက်၊ အခြေခံလူတန်းစား အိမ်ထောင်စု(၆၆၀)စု၊ စုစုပေါင်း အိမ်ထောင်စု(၃၇၈၃)စုကို ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ကျန်ရှိနေခဲ့ သည့် အခြေခံလူတန်းစား အိမ်ထောင်စုများကိုလည်း နောက်လများတွင် စိစစ်ရွေးချယ်ပြီး ဆက်လက်ထောက်ပံ့ လှူဒါန်းသွားမည်ဖြစ်ကြောင်း ဒို့တပ်ကုန်း သဘာဝဘေး ကူညီရေး အသင်းဝင်တစ်ဦးထံမှ သိရသည်။

မေး။    မင်္ဂလာပါ အစ်ကိုနာမည်လေးရယ်၊  ဒို့တပ်ကုန်းသဘာဝဘေးကူညီရေးအသင်းကို ဘယ် အချိန်မှာ စတင်ပြီး တည်ထောင်ခဲ့တယ်ဆိုတာရယ်၊ တည်ထောင်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်လေးကို သိပါရစေခင်ဗျာ၊

ဖြေ။    မင်္ဂလာပါ ကျွန်တော်နာမည်ကတော့ ဦးသောင်းထိုက် ဖြစ်ပါတယ်၊ ဒို့တပ်ကုန်း သဘာဝဘေးကူညီရေးအသင်းမှာ အသင်းခေါင်းဆောင် အဖြစ်တာဝန်ယူထားပါတယ်၊ ဒို့တပ်ကုန်း သဘာဝဘေးကူညီရေးအသင်းကိုတော့ အသင်းသူ၊အသင်းသား(၅၀)ဦးနဲ့ ၂၀၁၉ခုနှစ် ဩဂုတ် ၁၃ ရက်မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်၊ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့တပ်ကုန်းမြို့မှာ ရှိတဲ့ အများပြည်သူအကျိုးကို  တစ်ဖက်တစ်လမ်းမှ  ပါဝင်ကူညီနိုင်ရေးအတွက် ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတည်ထောင်ခဲ့ရခြင်းဖြစ်ပါတယ်။

မေး။  ဒို့တပ်ကုန်းသဘာဝဘေးကူညီရေးအသင်းအနေနဲ့ ယခင် ကိုဗစ်-၁၉ရောဂါ မဖြစ်ခင်ကလည်း ပရဟိတအလုပ်တွေအနေနဲ့ လှူဒါန်းမှုတွေ လုပ်ခဲ့တယ်ဆိုတာလဲ သိရပါတယ်၊ အဲဒီအလုပ် အကြောင်းလေးတွေလည်း သိပါရစေခင်ဗျာ၊

ဖြေ။    ကိုဗစ်မဖြစ်ခင်ကတော့ တပ်ကုန်းခုတင်(၁၀၀)ပြည်သူ့ဆေးရုံမှ လူနာမှာ နေပြည်တော် ခုတင်(၁၀၀၀)ဆေးရုံးသို့ ပြောင်းရွှေ့မယ်ဆိုရင် ပြောင်းရွှေ့ပေးတဲ့အလုပ်တွေ၊ တခြား တိုင်းဒေသကြီးမှာ ရေကြီးရေလျံဖြစ်တဲ့ ကျေးရွာများကို စေတနာရှင်ပြည်သူတွေက လှူဒါန်းတဲ့ ပစ္စည်းများ သွားရောက်လှူဒါန်းမှုတွေ ဆောင်ရွက်ခဲ့ပါတယ်၊

မေး။   ဟုတ်ကဲ့ပါခင်ဗျာ အစ်ကိုတို့ ဒို့တပ်ကုန်းသဘာဝဘေးကူညီရေးအသင်းအနေနဲ့ ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်းတွေမှာ ဆောင်ရွက်မှုအခြေအနေတွေ သိပါရစေခင်ဗျာ၊

ဖြေ။    ဟုတ်ကဲ့ ကိုဗစ်ပထမလှိုင်းမှာက  ဒို့တပ်ကုန်းသဘာဝဘေးကူညီရေးအသင်းအနေနဲ့ မြို့မ ဈေးနဲ့လူစည်းကားတဲ့နေရာတွေမှာ နှာခေါင်းစည်း(Mask)စနစ်တကျတပ်ဆင်ရေး ဟန်းစပီကာ၊ အသံချဲ့စက်တို့နဲ့ အသိပေးနှိုးဆော်ပြီး၊စေတနာရှင်ပြည်သူများမှ လှူဒါန်းတဲ့ နှာခေါင်းစည်း (Mask) နေ့စဉ်ဖြန့်ဝေပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးပါတယ်၊ ကိုဗစ်ဒုတိယလှိုင်းမှာကတော့ ကျွန်တော်တို့မြို့မှာ Facility Quarantine Centre ဖွင့်လှစ်ထားပါတယ်၊အဲဒီ Centre မှာ ဝင်ရောက်လာတဲ့ ပြည်သူများအတွက်  ဒို့တပ်ကုန်းသဘာဝဘေး ကူညီရေးအသင်း အဖွဲ့သားများ ကိုယ်တိုင် ထမင်းနဲ့ဟင်းချက်ပြုတ်ပြီး တစ်နေ့သုံးကြိမ် ကျွေးမွေးလှူဒါန်းတဲ့ အလုပ်တွေ လုပ်ခဲ့ပါတယ်၊ အခုတတိယလှိုင်းမှာကတော့ ကျွန်တော်မြို့မှာက ကိုဗစ်ပိုးတွေ့သူတွေ ရှိလာခဲ့ပါတယ်၊ ရပ်ကွက်/ကျေးရွာများမှ သံသယလူနာများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကိုဗစ်ပိုးစစ်ဆေးပေးခဲ့လို့ ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ လူနာအိမ်တွေကို ဆေးဖျန်းပေးခြင်း အလုပ်နဲ့ တပ်ကုန်းခုတင် (၁၀၀) ပြည်သူ့ဆေးရုံနဲ့ ဘုရင့်နောင်ရပ်ကွက် ဓမ္မရိပ်သာမှာထားရှိတဲ့ Positive Centreတွင် စားသောက်ရေးအဆင်ပြေ စေရန်အတွက် နေ့စဉ်ထမင်းဘူး၊ ရေသန့်ဘူးများ ပို့ဆောင်ပေးတဲ့အလုပ်တွေ၊ အောက်ဆီဂျင် လှူတဲ့အလုပ်မှာ ဆိုရင်လည်း လူနာရှင်မှာ အောက်ဆီဂျင်ဘူးရှိရင်တော့ အောက်ဆီဂျင်အရည် ဖြည့်ပေးပါတယ်၊ ဘာမှမရှိရင်တော့ အောက်ဆီဂျင်လိုအပ်တဲ့  လူနာတစ်ဦးလျှင်  10 - L ပါရှိတဲ့ အောက်ဆီဂျင်ဘူးကို  မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ထောက်ပံ့လှူဒါန်းပါတယ်၊ ဒါတွေအပြင် ကိုဗစ်ကာလမှာ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားတဲ့ Death Bodyကို အိတ်စွပ်ပေးခြင်း နဲ့ ဆေးဖျန်းပေးတဲ့အလုပ်တွေကို ဆောင်ရွက်ပေးပါတယ်၊ အခုလည်းကျွန်တော်တို့   စေတနာရှင် ပြည်သူများက လှူဒါန်းထားတဲ့ အခြေခံစားသောက်ကုန် ဆန်၊ဆီ၊ ကြက်သွန်နီနဲ့ မာမားခေါက်ဆွဲ ထုပ်များကို ရပ်ကွက်များအတွင်းမှာ အဆင်မပြေတဲ့ အိမ်ထောင်စုများကို ပစ္စည်းများထုတ်ယူရန် ကတ်ပြားများ ကြိုတင်ပို့ဆောင်ထားပြီး၊ ရပ်ကွက်အလိုက် ရက်သတ်မှတ်၍ ဒို့တပ်ကုန်းသဘာဝ ဘေးကူညီရေးအသင်းက ထောက်ပံ့လှူဒါန်းပေးဆဲပါ။ အကယ်၍ အချို့လည်း ဒီလှူဒါန်းမှု အစီအစဉ်လေးကို တွေ့ရှိလို့လှူဒါန်းချင်တယ်ဆိုရင်လည်း ကျွန်တော်တို့အသင်းရဲ့ဖုန်းနံပါတ် ၀၉၄၃၀၃၆၂၆၇ ကို ဆက်သွယ်ပြီး လှူဒါန်းလို့ရပါတယ်၊ ကျွန်တော်တို့ ဒို့တပ်ကုန်း သဘာဝဘေး ကူညီရေးအသင်းအနေနဲ့ ခက်ခဲတဲ့ပြည်သူတွေအတွက် စေတနာရှင်ပြည်သူများနဲ့ ပူးပေါင်း၍ အကျိုးဆောင်ပေး လျက်ရှိပါတယ်၊

နိဂုံး။   ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ ကျွန်တော်တို့အသင်း အကြောင်းကို အများပိုမိုသိလာအောင် ဆောင်ရွက်ပေးတဲ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကိုလည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ။

တင်စိုးလွင်