ညောင်ဦး ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့နံနက် ၆နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၀၈၃ စင်တီမီတာသို့ရောက်ရှိနေပြီး ညောင်ဦးမြို့ စိုးရိမ်ရေမှတ် ၂၁၂၀စင်တီမီတာ သို့ရောက်ရှိရန် ၃၇စင်တီမီတာ လိုတော့ကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ ညနေ ၆နာရီ တိုင်းတာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၂၀၇၇ စင်တီမီတာ ရှိနေကာ စိုးရိမ်ရေမှတ်ရောက်ရှိရန် ၄၃စင်တီမီတာ လိုသေးကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပြီး ယနေ့ နံနက် ၆နာရီ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ရောက်ရှိရန် တဖြည်းဖြည်းနီးလာပြီး ၃၇စင်တီမီတာ သာလိုတော့ခြင်းကြောင့် မြစ်ကမ်းဘေးနေ မိဘပြည်သူများ ရေဘေးအသိ သတိရှိစေရန် ညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှုအခြေအနေ၊ မြစ်ရေကျမှု အခြေအနေများအား နေ့စဉ်သတင်းထုတ်ပြန်ပေးနေကြောင်း၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ မြစ်ကမ်းဘေးနေ ပြည်သူများအား Speed Boat နှင့်လှည့်လည်၍ မြစ်ရေကြီးမှု အခြေအနေအား Hand Speakerဖြင့် လိုက်လံဆော်ဩနေကြောင်းကိုလည်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူက ပြောကြားသည်။
ညောင်ဦးမြို့နယ်တွင် မြစ်ရေတိုင်းတာခြင်းများအား တစ်နေ့သုံးကြိမ်တိုင်းတာပြီး စိုးရိမ် ရေမှတ် ရောက်ရှိပါက တစ်နာရီတစ်ကြိမ် တိုင်းတာသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ကိုထိန်(KPD)