ရန်ကုန် ဩဂုတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်စေရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ဆေးဝါးများကို သာမန်ဈေးနှုန်း ထက် ပိုမို၍ အဆမတန် မြှင့်တင်ရောင်းချခြင်း မရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဆေးဆိုင်များ၌ ဈေးနှုန်းမှန်ကန်စွာ ရောင်းချနေမှု ရှိ/မရှိနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းများကို ယနေ့ နံနက်(၇)နာရီ အချိန်တွင် တာဝန်ရှိသူများက စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
စစ်ဆေးရာ ဈေးနှုန်းမှန်ကန်စွာ ရောင်းချစေရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဆေးဆိုင်များအား အင်းစိန်မြို့နယ်၊ စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက ဆေးဆိုင်များတွင် ဆေးဝါးများအား သာမန်အချိန် ရောင်းချသည့် ဈေးနှုန်းထက် ပိုမို၍ အဆမတန် မြှင့်တင်ရောင်းချခြင်း ရှိ/မရှိ၊တစ်ပတ်အတွင်း ဖြန့်ဝေ ရောင်းချသည့် ပမာဏထက်ပို၍ သိုလှောင်ထားခြင်း ရှိ/မရှိ၊ဆေးဝယ်လာသူများ နှာခေါင်းစည်းများတပ်ဆင်ထားမှုရှိ/မရှိ၊ ဆေးဆိုင်များတွင်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ စသည့်တို့ကို စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှလည်း ပရဟိတအသင်း/အဖွဲ့များနှင့် တာဝန်ရှိသူများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)