ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးနှင့် စားသောက်ကုန် ပြတ်လပ်မှု မရှိစေရေး အစည်းအဝေးကျင်းပ

ကိုကိုးကျွန်း ဩဂုတ် ၂၈                     

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၌  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နေ့လယ် ၁နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်‌ရေး အဖွဲ့ဥက္ကဋ္ဌနှင့် စီမံကော်မတီအဖွဲ့ဝင်များ၊ ကိုကိုးကျွန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုကော်မတီအဖွဲ့ဝင်များ၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများသည် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မရှိစေရေးနှင့် စားသောက်ကုန်ပြတ်လပ်မှုများ မဖြစ်ပေါ်စေရေးတို့အတွက် ဆွေးနွေးညှိနှိုင်း ခဲ့ကြကြောင်း သိရသည်။          

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမင်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ တတိယလှိုင်း ပြင်းထန်စွာ ဖြစ်ပွားနေချိန်တွင် ကိုကိုးကျွန်းမြို့နယ်သို့ ကူးစက်မှု မရှိစေရေးအတွက်သင်္ဘော၊ လေယာဉ်နှင့် စက်လှေများသွားလာနေမှုများတွင် ခရီးသည်များကို ယာယီတားမြစ်ထားခဲ့ရာ ယခုအချိန်ဆိုလျင် ကိုဗစ်-၁၉ရောဂါကို နိုင်ငံတော်အနေဖြင့် အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လျှော့ချနိုင်တာကို အားလုံး သိရှိနေပြီဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိပြည်သူများ ကုန်စည်ပြတ်လပ်မှုမရှိစေရန် ဟိုင်းကြီးကျွန်းမှ စက်လှေဖြင့် အခြေခံစားကုန်များ တင်ဆောင်၍ ကိုကိုးကျွန်းသို့ လာရောက်မည့်ကိစ္စအား ဝိုင်းဝန်းဆွေးနွေးပေးရန်လိုကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ တတိယလှိုင်း  ဖြစ်ပွားနေချိန်ကာလ အတွင်း ကိုကိုးကျွန်းမြို့နယ်သို့ လာရောက်မည့် ခရီးသည်များအား ယာယီပိတ်ထားခြင်းကို ပြန်လည်၍ ဖွင့်လှစ်ပေးနိုင်ရေးကိစ္စအား ဆွေးနွေးပေးပါရန်နှင့် ဟိုင်းကြီးကျွန်းမှ လာရောက်သော စက်လှေလုပ်သားများအား Quarantine 14ရက် ထားရှိမည်ဖြစ်ပြီး တင်ဆောင်လာသော ကုန်ပစ္စည်းများအား ကျန်းမာရေးဝန်ထမ်းများမှ ပိုးသတ်ဆေးဖျန်းခြင်း ပြုလုပ်ပြီးမှ သယ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်မှ ကိုကိုးကျွန်းသို့ တစ်လလျှင်နှစ်ခေါက်နှုန်း အခမဲ့ပြေးဆွဲလျက်ရှိသည့် တပ်မတော်ပိုင် လေယာဉ်ခရီးစဉ်ကိုလည်း ကိုဗစ်-၁၉ တတိယလှိုင်း ကာလအတွင်း ယာယီပိတ်ထားခဲ့ရာ ယခုလို ကိုဗစ် -၁၉ ရောဂါကို အတိုင်းတာတစ်ခုထိ ထိန်းချုပ်နိုင်သော အချိန်ကာလတွင် ရန်ကုန်မြို့သို့ မိမိဌာနအလုပ်ဖြင့်ရောက်ရှိနေသော ဌာနဆိုင်ရာ ဝန်ထမ်းများအား ပြန်လည်ခေါ်ယူရန် ကိစ္စနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဒေါ်မိုးမိုးအေးနှင့် ကိုဗစ် -၁၉ ထိန်းချုပ်ရေးကော်မတီဝင်များ၊ မြို့မိမြို့ဖများက ကိုကိုးကျွန်းမြို့နယ်သို့ ခရီးသည်များ လာရောက်မည်ကို ခွင့်ပြုမည်ဆိုပါက ကိုဗစ်-၁၉ရောဂါကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ နှင့်အညီ RDT Test kit စစ်ဆေးခြင်း လက်မှတ်များ ယူဆောင်လာရန်နှင့် ရောက်ရှိလာသော ခရီးသည်များအား Quarantine ၁၄ရက် ထားရှိပြီး Quarantine ၁၄ရက် ပြည့်ပါက RDT Test Kit ထပ်မံစစ်ဆေးလိုကြောင်း စစ်ဆေးချက်ကုန်ကျစရိတ်အားလည်း ကာယကံရှင်မှ ကျခံရမည် ဖြစ်ကြောင်း အကြံပြု ဆွေးနွေးခဲ့ကြောင်းသိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှလည်း ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောက်ရှိလာသော ခရီးသည်များအား Quarantine ၁၄ ရက်ထားရှိရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်ကို လိုက်နာမှုမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားနိုင်ရေး ဆွေးနွေးခဲ့ကြ‌ကြောင်း သိရသည်။