သာစည် ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို မိတ္ထီလာတပ်နယ် တပ်နယ်မှူးဗိုလ်မှူးကြီးသန်းနိုင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသက်ထွဋ်တို့သည် သာစည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များလိုက်ပါပြီး ယမန်နေ့နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တပ်နယ်မှူးနှင့်အဖွဲ့သည် သာစည်မြို့နယ်၌ တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံ မြေနေရာအား လှူဒါန်းပေးသော ဒေါက်တာအရှင်စန္ဒောဘာသ (Ph.D India ) သာသနာ့တက္ကမဟာဓမ္မာစရိယ ကြာကန်ကျောင်းတိုက်ဆရာတော်ကို ဝင်ရောက်ဖူးမြော်ပြီး လှူဘွယ်ပစ္စည်းများ ဆပ်ကပ်သည်။
ဆက်လက်ပြီး တပ်နယ်မှူးနှင့်အဖွဲ့သည် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး စက်ရုံအဆောက်အဦမပြီးမီ အောက်ဆီဂျင်စက် ရောက်ရှိလာပါက ယာယီထားရှိမည့်နေရာအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် တပ်နယ်မှူးနှင့်အဖွဲ့သည် သာစည်မြို့နယ် ပြည်ညောင်ကျေးရွာရှိ အမှတ်(၃) ဘိလပ်မြေစက်ရုံ တန်၁၂၀၀ ပြည်ညောင်၊ ရတနာစိုင်းကောင်းမြတ်ကျော် ဘိလပ်မြေစက်ရုံနှင့် ရွှေတောင်(အပါချီ) ဘိလပ်မြေစက်ရုံတို့မှ လူမှုဖူလုံရေး အာမခံထားသော အလုပ်သမားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံရာသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျွဲတပ်ဆုံ စစ်ဆေးရေးဂိတ်တွင် X-Ray စက်ဖြင့် စစ်ဆေးဆောင်ရွက်နေမှုများကို ဝင်ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။