တန့်ယန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်

တန့်ယန်း  သြဂုတ်  ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အသက်(၈၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေ ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာနမှ ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြသည်။

နိုင်ငံတော်မှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သုံးလ (ဧပြီ၊ မေ၊ ဇွန်) အတွက် လူမှုရေး ပင်စင်ထောက်ပံ့ငွေ တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်း ပေးအပ်ခြင်းတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စောဥမ္မာနှင့် တာဝန်ရှိ သူတို့က အမှတ်(၈)၊ အမှတ်(၉)၊ အမှတ်(၁၀)ရပ်ကွက်များအတွင်းရှိ အသက်(၈၅) နှစ်နှင့်အထက်  သက်ကြီး ဘိုးဘွားများအား အိမ်တိုင်ရာရောက်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

တန့်ယန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး  အဘိုး (၂၀၂)ဦး၊ အဘွား (၅၂၁)ဦး စုစုပေါင်း (၇၂၃)ဦး ရှိပြီး အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို  သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း  သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)