တနင်္သာရီမြို့၌ အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

တနင်္သာရီ   ဩဂုတ်    ၂၇

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်လူငယ်များ၊ ဆင်ခြေ ကျေးရွာအုပ်စု-လယ်တောင်ယာကျေးရွာ၊ တမုတ်ချုန်းကျေးရွာအုပ်စု၊ တမုတ်ချုန်းရွာတို့မှ စိတ်သဘောထားခြင်း ဆန္ဒတူညီကြသည့် လူငယ်များ(၃၂)ဦးအဖွဲ့သည် တစ်ဦးလျှင်ကျပ် (၁၀၀၀၀) စီဖြင့် စုဆောင်းရရှိငွေဖြင့် ကလျာဏမိတ္တအသင်းနှင့် ပူးပေါင်း၍ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အထောက်အကူပြုပစ္စည်းများအား လိုက်လံထောက်ပံ့ ပေးအပ်ကြောင်း သိရှိရသည်။

အဆိုပါ လူငယ်များအဖွဲ့သည် တနင်္သာရီ တံတားထိပ်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေး စစ်ဆေးရေးဂိတ်တွင်အလှည့်ကျ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်/ကျေးစာရေးများ၊လူမှုရေးပရဟိတ အဖွဲ့များအတွက်လည်းကောင်း၊  တနင်္သာရီတံတား မြို့အဝင်စစ်ဆေးရေးဂိတ်တွင် တာဝန် ထမ်းဆောင်နေကြသည့် တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များအတွက်လည်းကောင်း၊ (တနင်္သာရီ-ဗောဓိကမ်း) ကူးတို့ဆိပ် စစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ရဲတပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများအတွက်တစ်ဖွဲ့လျှင် ရေမလိုလက်သန့်ဆေးရည်( Hand Gel)ဘူး အကြီးတစ်ဘူးစီနှင့် ပါးစပ်နှင့်နှာခေါင်းစည်း( Mask )တစ်ဘူးစီကို ထောက်ပံ့ပေး အပ်ခဲ့ကြသည်။

အလားတူ ၎င်းလူငယ်များအဖွဲ့က မြို့နယ်ပြည်သူ့ဆေးရုံအတွင်း အနီးကပ် ကူညီစောင့်ရှောက်မှု ပေးနေသည့် ကိုဗစ်ထိစပ် သံသယပိုးတွေ့လူနာ သယ်ယူရေးအဖွဲ့အား PPE ဝတ်စုံ(၂၀)စုံ၊ သုခရွှေရီ ကျန်းမာရေး အထောက်အကူပြုအသင်းအတွက် PPE ဝတ်စုံ(၁၀)စုံနှင့် အထက-တနင်္သာရီကျောင်း Positive Centre အတွင်း ကူညီစောင့်ရှောက်ပေးနေကြသည့် ကြက်ခြေနီ တပ်ဖွဲ့အား PPE ဝတ်စုံ(၁၀)စုံ.. PPE ဝတ်စုံ (၄၀)စုံတို့ကိုလည်း ကိုယ်တိုင်သွားရောက်ပြီး ထောက်ပံ့ပေးအပ်ကြကြောင်း သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း