မိုးနဲ ဩဂုတ် ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ် ရှမ်းပြည်နယ်စိုက်ပျိုးရေးဌာန ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်သော တောင်သူ နည်းပညာ ပြန့်ပွားရေးခန်းမကို ဆောက်လုပ်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆောက်အဦကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး အလျား ပေ ၃၀၊ အနံ ၂၄ ပေအရွယ်အစားရှိ အဆောက်အဦးဖြစ်ကာ ခန်းမအတွင်း နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ မိုက်ဟိုင်း ကျေးရွာအုပ်စုနှင့် နောင်မြိုင်းကျေးရွာအုပ်စုတို့တွင် စိုက်ပျိုးထားသော လယ်ဧက (၅၀၀၀)ကျော်ရှိ တောင်သူများနှင့် နည်းပညာပေးဆွေးနွေးပွဲများကို တစ်နေရာတည်းတွင် ဆောင်ရွက်သွားနိုင်မည်ဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မော်ဦး၏ ပြောကြားချက်အရ သိရသည်။
မျိုးညွန့်ရွှေ