ဟိုပုံးမြို့တွင် အသက် ၁၀၃ နှစ် အဖွား ကိုဗစ်ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် လာရောက်ထိုးနှံ

ဟိုပုံး  ဩဂုတ်  ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခန်းမနှင့် ဟိုပုံးပြည်သူ့ဆေးရုံတို့တွင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းကို ပထမအကြိမ်တွင် အသက်  ၆၅ နှစ်နှင့်အထက် ဘိုးဘွားများနှင့် ဦးစားပေး အစီအစဉ်အလိုက် ဇူလိုင် ၃၀ ရက်မှ ဩဂုတ် ၄ ရက်နေ့ထိ  ဟိုပုံးမြို့နယ်တွင်းရှိမိဘပြည်သူ ၃၇၀၂ ဦးတို့အား ထိုးနှံပေးခဲ့ပြီး ပထမအကြိမ်ထိုးနှံခဲ့သည့် မိဘပြည်သူများအား ယနေ့တွင် ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ရာ ဇူလိုင် ၃၀ ရက်နေ့တွင် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံခဲ့သည့် ဟိုပုံးမြို့ မြို့ဦး ကွက်သစ်ရပ်ကွက်နေ အသက် (၁၀၃) နှစ်ရှိ အဖွားဒေါ်မြစိန်သည် ယနေ့တွင် ဒုတိယအကြိမ် ကာကွယ်ဆေးလာရောက် ထိုးနှံခဲ့ပြီး ကာကွယ်ဆေးထိုးပြီး ရက်များတွင် နေမကောင်းဖြစ်ခြင်းများ မရှိကြောင်းနှင့် ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ခြင်းတို့ကြောင့် မိမိကိုယ်ကို စိတ်ချရကြောင်း အဖွားဒေါ်မြစိန်က ပြောကြားခဲ့သည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့မှ စက်တင်ဘာ ၁ ရက်နေ့ထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်အိအိသန်း