မြစ်ကြီးနား သြဂုတ် ၂၇
မြစ်ကြီးနားမြို့တွင် လတ်တလော မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့၏ မြေနိမ့်ပိုင်း ရပ်ကွက်များတွင် ရေဝပ်ရေလျှံမှုဖြစ်ပွားခဲ့ရာ ယမန်နေ့ ညနေ ၄ နာရီခွဲတွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပင်မရေနှုတ်မြောင်းများ အပါအဝင် ရေနှုတ်မြောင်းငယ်များအားလုံး ရေစီးရေလာကောင်းမွန်ရေးနှင့် ရေမြောင်းများ တိုးချဲ့ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူမျာနှင့်အတူ မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ဒုတိယ အင်ဂျင်နီယာမှူး ဦးမျိုးဝင်းက မြစ်ကြီးနားမြို့ရှိ ပင်မရေနှုတ်မြောင်းကြီးအပါအဝင် မိုးရေနှင့် ရေဆိုးထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များအားနှင့် နှစ်စဉ်ရေကြီးနစ်မြုပ်သောဧရိယာများ တွင် ကွင်းဆင်းစစ်ဆေးကာ ဆောင်ရွက်ရမည့် ကိစ္စရပ်များအား တင်ပြမှုကိူ သိလိုသည်များ ဖြည့်စွက်မေးမြန်းခဲ့ကြသည်။
ထို့နောက် တင်ပြမှုများအပေါ် ပြည်နယ်၀န်ကြီးချုပ်က ရေ၀ပ်သည့် ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များအား ရေနှုတ်မြောင်းများအတွင်း စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကို စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ကြပ်မတ်ဆောင်ရွက်ရေး၊ ရေ၀ပ်သည့် ဧရိယာ များအတွင်း ကျူးကျော်နေအိမ်များဆောက်လုပ်ခြင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျထိန်းချုပ် စစ်ဆေးသွားရေး၊ ရေကြီးရေလျှံမှုအတွက် အလျင်အမြန် လုပ်ဆောင်ရမည့် လုပ်ငန်းများအား ရေရှည်အတွက် မျှော်မှန်းပြီး စီမံဆောင်ရွက် သွားကြရေး မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အေးစေတီရပ်ကွက်ရှိ ကြက်ခြေနီ ဝင်းအနီးရှိ မြောင်းမကြီးအတွင်း ရေဝပ်ရေလျှံမှုဖြစ်ပေါ်နေမှုနှင့် အောင်နန်းရပ်ကွက် အောက်ချိုင့် အပိုင်းရှိ ရေ၀ပ်သည့်နေရာများအား ကွင်းဆင်းစစ်ဆေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က ရေဝပ်တင်ကျန်မှုကြောင့် ယင်းရပ်ကွက်နေပြည်သူများ ကျန်းမာရေး ထိခိုက်မှုမရှိစေရေး၊ အချိန်မီပံ့ပိုးကူညီပေးနိုင်ရေး၊ တင်ကျန်လျက်ရှိသည့်ရေများအား သက်ဆိုင်ရာမြောင်းများမှ တစ်ဆင့် စီးဆင်းနိုင်ရေးကို အမြန်ဆုံး စီမံဆောင်ရွက်သွားကြရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်