နေပြည်တော် ဩဂုတ် ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့ နေပြည်တော် အသေးစားနှင့် အလတ်စား စက်မှုဇုန်တွင် မြေဧရိယာ (၂)ဧကခန့်ရှိ မြေကွက်အား ကျောက်မှုန့်နည်းပညာဖြင့် တစ်ဆင့်မြှင့် ကုန်ချော ထုတ်လုပ်ငန်း ဆောင်ရွက်ရန်အတွက် နေပြည်တော် အသေးစားနှင့် အလတ်စား စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီ က နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)တွင် ကျင်းပသည်။
အစည်အဝေးတွင် နေပြည်တော် အသေးစားနှင့် အလတ်စား စက်မှုဇုန် ကြီးကြပ်ရေးကော်မတီ နာယက၊ နေပြည်တော်ကောင်စီ ဉက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က အမှာစကား ပြောကြားရာတွင် နေပြည်တော် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီအား သက်ဆိုင်ရာဌာနများနှင့် ဖွဲ့စည်းပေးထားခဲ့ပြီး ဖြစ်ပါကြောင်း၊ ကော်မတီဝင်များကလည်း မိမိတို့၏ လုပ်ငန်းတာဝန်များအား လျှင်မြန်ကျေပွန်စွာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှသာ စက်မှုဇုန် အောင်မြင်ဖွံ့ဖြိုး တိုးတက်မှာ ဖြစ်ပါကြောင်း၊ တစ်ဘက်တွင် လည်း သက်ဆိုင်ရာဝန်ကြီးဌာနမှ စက်မှုဇုန်များ စနစ်တကျ ဖွံ့ဖြိုးတိုးတက် လာစေရန် စက်မှုဇုန်ဥပဒေအား ၂၀၂၀ ပြည့်နှစ်တွင် ရေးဆွဲပြဌာန်းခဲ့ပြီး စက်မှုဇုန် နည်းဥပဒေပါ ဆက်လက်ပြဌာန်းနိုင်ရေး ရေးဆွဲဆောင်ရွက် လျက်ရှိပါကြောင်း၊ ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စားစက်မှုဇုန်ရှိ စက်မှုလုပ်ငန်းများအပါအဝင် ဇုန်ပြင်ပရှိ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက နေပြည်တော်တွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်ခြင်း၊ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ဈေးကွက်ယှဉ်ပြိုင်မှုများကြောင့် ကုန်ပစ္စည်း အရည်အသွေး များကို ယှဉ်ပြိုင်ထုတ်လုပ်ရာတွင် အရည်အသွေးမီကုန်ပစ္စည်းများအား ပြည်တွင်း၌ပင် ဈေးနှုန်း ချိုသာစွာဖြင့် သုံးစွဲလာနိုင်ခြင်းတို့ကြောင့် စက်မှုလုပ်ငန်းများ တိုးတက်အောင် အားပေး ဆောင်ရွက် ရမှာဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ နေပြည်တော်အသေးစားနှင့် အလတ်စားစက်မှုဇုန်ကြီးကြပ်ရေး ကော်မတီ အတွင်းရေးမှူး ဦးဟိန်းဇော်မှ ကော်မတီဖွဲ့စည်းထားရှိမှုနှင့် ဒက္ခိဏသီရိမြို့ နေပြည်တော် အသေးစားနှင့် အလတ်စား စက်မှုဇုန်တွင် မြေဧရိယာ (၂)ဧကခန့်ရှိ မြေကွက်အား မြင့်ရတနာကျော် ကုမ္ပဏီ လီမိတက်မှ ကျောက်မှုန့်နည်းပညာဖြင့် တဆင့်မြှင့်ကုန်ချောထုတ်လုပ်ငန်း ဆောင်ရွက်ရန် အတွက် လျှောက်ထားလာမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာသည့် နေပြည်တော်အသေးစားနှင့် အလတ်စား စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီဝင်များက လုပ်ငန်း ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီဥက္ကဌ ဒေါက်တာမောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်တို့မှ တင်ပြချက်များအပေါ် လိုအပ်သည်များအား ပြန်လည်လမ်းညွှန်မှုများ ပြောကြား ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်